မောင်သင်တုန်း
အမျိုးသားလွှတ်တော်တွင်လည်း လွှတ်တော်တွင်း သတင်းယူခွင့်ကို လုံခြုံရေးကြောင့်ဟုဆိုကာ သတင်းယူခွင့်နေရာကို ယနေ့ စတင်ကန့်သတ်လိုက်သည်။
“လုံခြုံရေးကြောင့်ပါ။ တခြားဘာအတွက်မှ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လုပ်တာပါ” ဟု အမျိုးသားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်များကဲ့သို့ပင် သတင်းဓာတ်ပုံများ ရိုက်ကူးသည့်အခန်းကို ပိတ်လိုက်ခြင်းဖြစ်ပြီး လူသွားလမ်းသို့ ပြောင်းလဲ တပ်ဆင်ထားသော တီဗွီဖြင့်သာ သတင်းယူခွင့် ရှိတော့သည်။ ယခင်က အစည်းအဝေးခန်းမများကို မှန်မှတစ်ဆင့် ကာရန်ထားသောနေရာတွင် ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယို မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်နိုင်သည်။
ထိုသို့ကန့်သတ်လိုက်သည့်အပေါ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လုံခြုံရေးကြောင့် ကန့်သက်လိုက်ခြင်းဆိုလျှင် သတင်းယူသည့် သတင်းထောက်များအား စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြီး ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။
“လေးနှစ်လုံးလုံး သတင်းယူခွင့်ပေးလာပြီးမှ ပိတ်တယ်ဆိုတော့ သိပ်တော့ အဓိပ္ပာယ်မရှိဘူးပေါ့” ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်က သတင်းယူခွင့် ကန့်သတ်လိုက်ခြင်းသည် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က တစ်ယောက်တည်းဖြင့် မဲနှစ်မဲပေးခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အိပ်ငိုက် သည့် ဓာတ်ပုံရိုက်ပြီး ရေးသားခြင်းများကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
ယခုအခါတွင် လွှတ်တော်များ၌ အရေးကြီးသည့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသည့် အမျိုးသားပညာရေး ဥပဒေကြမ်းများနှင့် အခြားဥပဒေများ မဲခွဲအတည်ပြှုဆုံးဖြတ်ရန် ကျန်ရှိသည့် အချိန်တွင် မီဒီယာများကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ယခင် မဲခွဲဆုံးဖြတ်မှုများကို တီဗီမှတစ်ဆင့် ကြည့်ရှုနိုင်သည့်အပြင် မှန်မှတဆင့် အစည်းအဝေးခန်းမကို တိုက်ရိုက်ကြည့်ရှုနိုင်စေရန် မီဒီယာများကို စီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။
“အမျိုးသားမှာကော လုပ်လိုက်ပြီလား။ ကျွန်တော်က ဒီမှာတော့ မလုပ်ဘူးလို့ ထင်တာ။ အေးပေါ့လေ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
ပြည်ထောင်စုလွှတ်တော် သတင်းယူခွင့် စပိတ်သည့်ရက်တွင် မီဒီယာများကို အဆိုပါ ကိစ္စနှင့်စပ်လျဉ်း ပြီး ထင်မြင်ချက် ဖြေကြားပေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ နှစ်ဦးအား ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၏ ခေါ်ယူသတိပေးခြင်းခံခဲ့ရသည်ဟု သိရသည်။
No comments:
Post a Comment