မောင်သင်တုန်း
မြန်မာအမျိုးသား လေကြောင်းက နိုင်ငံတော်ဘတ်ဂျက်မှ မဟုတ်ဘဲ လေယာဉ်သစ် ခြောက်စီး ဝယ်ယူပြီး နောက်ထပ် ဆယ်စီး ငှားရမ်းကာ ပြည်တွင်းပြည်ပသို့ ပြေးဆွဲပေး၍ အမြတ်ရရှိအောင် ဆောင်ရွက်သွားမည်ဟု စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ကပ္ပတိန် ဦးထင်လင်းက ယနေ့ သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပြောသည်။
“နိုင်ငံတော်ဘတ်ဂျက် မရတာ သုံးနှစ်ရှိပါပြီ။ ပြည်တွင်း ပျံသန်းမှုက ရတာရှိတယ်။ နောက် မြန်မာဆိပ်ကမ်း အာဏာပိုင်ဆီက နှစ်ကျပ်ခွဲ တိုးနဲ့ ချေးတာလည်းရှိတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက မဇ္ဈိမကို ပြောသည်။
မြန်မာအမျိုးသား လေကြောင်းသည် ATR 72 ခြောက်စီးကို တစ်စီးလျှင် မြန်မာနိုင်ငံ အရောက် အပြီးဈေးနှုန်း ကန်ဒေါ်လာ ၂၄ ဒသမ ၆ သန်းဖြင့် လေယာဉ်အသစ်များ ၀ယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ လေယာဉ်သစ်များသည် ၂၀၁၅ ခုနှစ်အတွင်း နှစ်စီးရောက်ရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် နှစ်စီးနှုန်းဖြင့် ၂၀၁၇ ခုနှစ် အတွင်း အကုန်ရောက်ရှိမည် ဖြစ်သည်။
“ခု ၂၀ ရာခိုင်နှုန်းကို အရင်ဆုံးပေးသွင်းရပါတယ်။ နောက် ၁၂ အရစ်ကျစနစ်ဖြင့် ၀ယ်ယူတာပါ။ ပြည်တွင်း ပြေးဆွဲတာကတော့ အရှုံးမရှိနိုင်ပါဘူး။ ပြည်ပပြေးဆွဲတာကတော့ ပထမနှစ်နှစ်မှာ ရှုံးမှာပါ။ ဒါက ဘယ်လေကြောင်းလိုင်းဖြစ်ဖြစ် ဒီလိုစတဲ့နှစ်မှာ ရှုံးပါတယ်” ဟု ကပ္ပတိန် ဦးထင်လင်းက ပြောသည်။
လေယာဉ် ငှားရမ်းမှုအတွက် Boeing 737 -800(NG) လေယာဉ် ခြောက်စီးအတွက် လေယာဉ် တစ်စီးလျှင် တစ်လငှာရမ်းခ ပြုပြင်စရိတ်များ အပါအ၀င် ကန်ဒေါ်လာ ခြောက်သိန်း သုံးဆွဲ၍ ပြေးဆွဲသွားမည် ဖြစ်သည်။ တစ်နှစ်လျှင် နှစ်စီးနှုန်းဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ခြောက်စီးရောက်ရှိလာမည်ဟု ဆိုသည်။
နောက်ထပ် Boeing 737-800(MAX) လေယာဉ်တစ်စီးအတွက် တစ်လလျှင် ကန်ဒေါ်လာ ၁၉၀,၀၀၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်သည် ဟုဆိုသည်။ အဆိုပါ လေယာဉ်များသည် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တစ်နှစ်လျှင် နှစ်စီးနှုန်းရောက်ရှိလာမည်ဟု ဆိုသည်။
“ခုနစ် နှစ်အငှားစာချုပ်ပါ။ ကျွန်တော်တို့က စီးပွားဖြစ်လုပ်တာ ဖြစ်တဲ့အတွက် တွက်ချေကိုက်မှာပါ။ နောက်ကြိုပြီးပြင်ဆင်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် လေယာဉ်တွေ ရှိထားဖို့လိုတယ်” ဟု ကပ္ပတိန် ဦးထင်လင်းက ပြောသည်။
မြန်မာအမျိုးသား လေကြောင်းလိုင်းသည် လက်ရှိတွင် ပြည်တွင်း၌ လေယာဉ် ဆယ်စီးဖြင့် ပြေးဆွဲပေးလျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ လေယာဉ်များ ရောက်ရှိလာပါက လေယာဉ်တွင် လိုဂိုများ ကနှုတ်ပန်းများဖြင့် ပြောင်းလဲသွားမည်ဟု သိရသည်။
No comments:
Post a Comment