ယုဝေ
မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် ရင်းနှီးမြုပ်နှံမှုအချို့သည် ဆင်းရဲသားများကို ထိရောက်သည့် အထောက်အပံ့မဖြစ်သေးဘဲ အခွင့်ထူးခံ လူတန်းစားအချို့အတွက်သာဖြစ်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က U.S.-Myanmar Engagement Conference အခမ်းအနား မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
"လက်ရှိ ရင်းနှီးမြှုပ်နှံမှု တစ်ချို့သည် အခွင့်ထူးခံ လူတန်းစားတစ်ရပ်ကိုသာ အထောက်အကူ ပြုစေကာ ကျွန်မတို့နိုင်ငံတွင် ရာစုနှစ်ဝက်ခန့် ကြီးစိုးသွားသည့် အာဏာရှစ်စနစ်၏ ဆိုးကျိုးကြောင့် ဆင်းရဲမွဲတေမှု ခံစားနေရသည့် ဆင်းရဲသားများကိုမူ အထောက်အပံ့မဖြစ်ပေ။ ဒါကြောင့် လက်ရှိအခြေအနေတွင် ကျွန်မတို့နိုင်ငံ ဦးတည်သွားနေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို စိုးရိမ်မိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ရင်းနှီးမြုပ်နှံမှုအများဆုံးမှာ ရေနံ၊ သတ္တု၊ သယံဇာတ ထုတ်လုပ်မှုများ အများဆုံးဖြစ်နေပြီး အလုပ်နေရာများစွာ ဖန်တီးပေးနိုင်သည့် အသေးစား အလတ်စား လုပ်ငန်းများမှာမူ နည်းပါးနေသေးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဦးသန်းစိုးနိုင်က “ရင်းနှီးမြှုပ်နှံမှုအများဆုံးက ကျွန်တော်တို့ သဘာဝသယံဇာတကို လာရောက် တူးဖော်တာတွေများပြီး အများစုက လယ်သမား လူတန်းစာတွေ ဖြစ်နေပါတယ်။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက လယ်ယာလုပ်ငန်း နည်းပါးပါတယ်။ အဲ့ဒီတော့ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေရဲ့ ဘ၀ကို မြှင့်တင်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုက အရမ်းကို နည်းပါးနေပါတယ်။” ဟုပြောသည်။
မေလ ၂၉ ရက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်-မြန်မာစေ့စပ်ရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က " နိုင်ငံရေး တိုးတက်မှု မရှိလျှင် စီးပွားရေးကိုလည်း တိုးတက်အောင် စွမ်းဆောင်နိုင်မည်မဟုတ်"ဟု ပြောကြားခဲ့သေးသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက “ ရင်းနှီးမြှုပ်နှံမှုတွေက အကန့်အသက်တွေရှိနေတယ်။ ကုန်ထုတ်လုပ်ငန်းတွေက အရမ်းနည်းနေတယ်။ ကုန်ထုတ်လုပ်ငန်းဆိုရင် အလုပ်အကိုင်အခွင့်အလမ်း အများစု ပေါ်လာမယ်။ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှ ဆင်းရဲသားတွေအတွက် အခွင့်အရေးတွေ ရလာမယ်။”ဟုပြောသည်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးကို လက်ရှိ ရင်းနှီးမြှုပ်နှံမှုများက အထောက်အပံ့ မပြုဟုလည်း ၎င်းကဆိုသည်။
သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မှန်မှန်ကန်ကန်ဖြင့် ကျင့်ဝတ်နှင့်အညီ လက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေး စာချုပ်များကိုမူ လေးစားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သေးသည်။
No comments:
Post a Comment