ထက်ထက်အောင်
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သုဿန်ကို ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် သိန်းခြောက်ထောင်ကျော် အကုန်အကျခံ၍ ပြုပြင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်ုမြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် အင်ဂျင်နီယာ ချုပ်ဒေါက်တာအောင်မြင့်မော် ကပြောသည်။
၎င်းက “ရန်ကုန်မြို့လေထုစောင့်ကြည့်လေ့လာရေး ဆောင်ရွက်နေချိန်မှာ ဒလ၊ ဆိပ်ကြီးခနောင်တို သုဿန်တွေမှာ ထင်းတွေ ရော်ဘာတွေနဲ့ပဲ အသုံးပြုပြီး မီးရှို့တော့ ဓာတ်ငွေ့တွေ ထွက်တယ်။ ဒါကြောင့်သန့်ရှင်းမှု ပိုမိုလုပ်ဆောင်ပေးဖို့ မီးထိုးဆီ ပြောင်းသုံးတာမျိုး လုပ်ဖို့ လိုအပ်လာတယ်။ အလောင်းထားဖို့ရေခဲတိုက်လည်း လိုအပ်လာတယ်။
“ ဒါကြောင့် အဆင့်မြင့် လုပ်ဆောင်တာ ဖြစ်တယ်၊ နာရေးကြောင့် ပူဆွေးသောက ရောက်နေသူတွေကိုအနည်းငယ်တော့ဖြင့် စိတ်သက်သာရာ ရစေချင်တယ်” ဟု ၎င်းက ဆိုသည်။ ဒလ သုဿန်ကို အဆင့်မြှင့်ရာတွင် ပေ ၃၀၀ အရှည်- ၁၈ ပေ အကျယ်ရှိ အ၀င်လမ်းတစ်ခု၊ အလောင်းသယ် စင်္ကြန်လမ်းတစ်ခု၊ အလောင်း ၂၀ ဆံ့ အအေးတိုက် တစ်ခု၊ သုံးပေါက်တွဲ အလောင်းမီးရှို့သည့် မီးဖိုတစ်ခု၊ မီးဖိုထားရာ အဆောက်အအုံတစ်ခု၊ ပေ ၁၀၀ အမြင့်ရှိ မီးခိုးခေါင်းတိုင်တစ်ခု၊ သရဏဂုံဆောင် သုံးလုံး၊ ငါးခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ လေးလုံး၊ မီးခိုးသန့်စင်စက် တစ်လုံး၊ ဂါလံ ၉,၀၀၀ ဆံ့ ရေစင်တစ်ခုတို့ ဆောက်လုပ်ထားရှိခြင်းအပြင် သုဿန်အတွင်းရေ တမာပင်များ စိုက်ပျိုးခြင်းနှင့် လျှပ်စစ်မီး ၀ိုင်ယာကြိုး သွယ်တန်းခြင်း ကိစ္စများလည်း ပါဝင်မည်ဟု သိရသည်။
ယင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ မေလက စတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလတွင် လုပ်ငန်းအများစု ပြီးစီးမည်ဖြစ်ကာ၂၀၁၆ ခုနှစ် နှစ်ဆန်းမှစ၍ ဒလ သုဿန် တွင် အလောင်းခြောက်လောင်း တစ်ပြိုင်တည်း သဂြိင်္ုဟ်သည့်စနစ် စတင်နိုင်မည်ဟု ဒေါက်တာအောင်မြင့်မော်က ဆိုသည်။
၂၀၁၄- ၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်းက ဒလ သုဿန်အတွက် ဘတ်ဂျက်လျာထားမှုမှာ ငွေကျပ်သိန်း ၂,၂၀၀ ဖြစ်ပြီး ယင်းဘဏ္ဍာနှစ်တွင် သုဿန်အတွင်း လမ်းပြုပြင်ခြင်း၊ သရဏဂုံဆောင် တစ်လုံး၊ အလောင်း ၄၀ ဆံ့ အအေးတိုက်တစ်ခု၊ ဂါလံ ခုနစ်ထောင်ဆံ့ ရေစင်တစ်ခု၊ လေးခန်းတွဲ သန့်စင်ခန်းတစ်ခု၊ အလောင်းမီးရှို့သည့် သုံးပေါက်တွဲ မီးဖိုတစ်ခု၊ မီးဖိုအဆောက်အအုံ တစ်ခု၊ ပေသုံးဆယ်အမြင့်ရှိ မီးခိုးခေါင်းတိုင်ကို ပေတစ်ရာအမြင့်သို့ မြှင့်တင်ခြင်းတို့ကိုလည်း ဆောက်လုပ်ပေးခဲ့ သည်ဟု ၎င်းက ဆိုသည်။
ကျည်စု ၊ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင်အပါအ၀င်ရန်ကုန်မြို့ရှိ သုဿန်များပြင်ရန် ၂၀၁၅- ၁၆ဘဏ္ဍာနှစ်အတွက်စုစုပေါင်း လျာထား ဘတ်ဂျက်မှာငွေကျပ်သိန်းပေါင်း ၂၁,၈၆၀ ဖြစ်ပြီး ဒလ သုဿန်တစ်ခုတည်းအတွက် သိန်းပေါင်း ခြောက်ထောင်သုံးစွဲခြင်း ဖြစ်သည်။ ယင်းဘတ်ဂျက် သုံးစွဲမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာအောင်မြင့်မော်က ပြောသည်။
လက်ရှိတွင်မူ ဒလ သုဿန်ကို ဒလမြို့နှင့်နီးစပ်ရာ ကျေးရွာများက အသုံးပြုနေပြီး တစ်လလျှင် အလောင်း ၅၀ မှ ၆၀ အထိ လာရောက်မီးသဂြိုင်္ဟ်လျက် ရှိသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတား ဆောက်လုပ်ပြီးစီးပါက ရန်ကုန်မြို့တွင်းရှိ အချို့သော မြို့နယ်များမှာ ဒလ သုဿန်တွင် သွားရောက်သဂြိုင်္ဟ် နိုင်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
No comments:
Post a Comment