Tuesday, July 21, 2015

ဖိနှိပ်မှုမှ လွတ်လပ်တဲ့ ခရီးသို့ စာအုပ်ထုတ်ဝေရေး အတွေ့အကြုံ

ရင်စနိုင်း

၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် ငွေကြေးပြည့်စုံသော ကလေးငယ်တဦး အဖြစ် ကြီးပြင်း ခဲ့ရသော ကိုစန်းမွန်အောင် အတွက် စာသင်ကျောင်းဆိုသည်မှာ အပျော်အတွက် သက်သက်သာ ဖြစ်ခဲ့သည်။ ထန်းရည်၊ ဖဲဝိုင်း၊ မိန်းမများနှင့် ရှုပ်ထွေးနေသော နေရာတွင် သူရည်မှန်းထား သလောက် ပညာကိုကောင်းမွန်စွာ သင်ကြားခွင့် မရခဲ့ပါ။

သူဟာ အသက် ၁၇ နှစ်အရွယ်တွင် တက္ကသိုလ်မှ ကျောင်းထွက်လာပြီး စာအုပ်ထုတ်ဝေရေးလောက သို့ အမှတ်မထင် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က စာပေစိစစ်ရေးမူဝါဒများ တင်းကျပ်ထားပြီး စီးပွားရေးကို ခက်ခဲစွာ ရုန်းကန်နေရ သည့် အချိန်ဖြစ်သည်။

“ကျနော် သင်နေခဲ့တဲ့ ပညာရေးကို မကြိုက်ဘူး။ စာအုပ်တွေ ဖတ်တယ်။ ပြီးတော့ စာအုပ်တွေ ကိုယ်တိုင် ထုတ်ချင် လာခဲ့တယ်” ဟု ကိုစန်းမွန်အောင်က ရန်ကုန် မြို့လယ်ရှိ ၎င်း၏ စာအုပ်ဆိုင်တွင် ပြောသည်။

ထိုအချိန်က စာအုပ် ထုတ်ဝေရေးနှင့် ပတ်သက်သော လုပ်ငန်းများကို သူ ဘာတခုမှ မသိခဲ့ပါ။ လုပ်ငန်းစသည့် အစောပိုင်း နှစ်များတွင် ကံဆိုးမှုတွေ ပြည့်နေခဲ့၏။ တခါတရံ ကြီးမားသော ဆုံးရှုံးမှုများရှိခဲ့ပြီး စာအုပ်အရည် အသွေး ကြောင့်လည်း စာရေးသူများ၏ မကျေနပ်မှုများကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။ အခုချိန်တွင် ပြန်ကြည့်လိုက်ပါက သူပထမဆုံး ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည့် သူ အပါအဝင် မြန်မာ စာရေးဆရာများ၏ ဝတ္ထုတို ပေါင်းချုပ်စာအုပ်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးက ရှက်စရာ ကောင်းလောက်အောင် ဆိုးရွားခဲ့သည် ဟု ကိုစန်းမွန်အောင်က ဆိုသည်။

သူ့တွင် လုပ်ငန်းပိုင်း အတွေ့အကြုံ အားနည်းသော်လည်း အခြားနည်းလမ်းများဖြင့် လုပ်နိုင်ခဲ့သည်။ “ဘယ်သူ က စာအုပ်ကောင်းတွေ ရေးနေတယ် ဆိုတာ ကျနော်သိတယ်” ဟု သူက ပြောသည်။

ကိုစန်းမွန်အောင် ကုသိုလ်ကံလည်း ကောင်းခဲ့ ပါသည်။ မိသားစုက ငွေကြေးပြည့်စုံသည့် အတွက် ခက်ခဲသော အစပိုင်း ကာလများတွင် မိသားစု၏ အကူအညီ ရယူနိုင်ခဲ့ပြီး နောက်ပိုင်းတွင် အောင်မြင်သော စာအုပ်တိုက် ဖြစ်လာ သည့် “ငါတို့စာပေ” ကို ထူထောင်နိုင်ခဲ့သည်။ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီး သည့် ယခုအချိန်တွင် စာအုပ်ပေါင်း ၁၅၀ ခန့် ထုတ်ဝေနိုင်ခဲ့ပြီး အများစုမှာ အရောင်းရဆုံး စာအုပ်များ နှင့် မြန်မာစာပေ တိုးတက်ရေး အတွက် အလားအလာ ကောင်းသော စာအုပ်များ ဖြစ်ပါသည်။

စာပေစိစစ်ရေး ခေတ်တွင် ကိုစန်းမွန်အောင်က ဖန်တီးမှု စာပေများ (Creative writing) ကို နှစ်သက်ခဲ့သည်။ အထူးသဖြင့် မင်းလူနှင့် တာရာမင်းဝေတို့ ကဲ့သို့ စာရေးဆရာများ၏ ဝတ္ထုများ ဖြစ်သည်။ သူကိုယ်တိုင်လည်း “မြေမှုန်လွင်” ဆိုသည့် ကလောင်အမည်ဖြင့် စာအုပ် ၅ အုပ် ရေးသားထုတ်ဝေခဲ့သည်။ ခေတ်သစ်မြန်မာ့သမိုင်းတွင် အရေးပါသည့် လှုပ်ရှားမှု တခုဖြစ်သော ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အကြောင်းကို ရေးသားထားသည့် “ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ” စာအုပ်က လူသိအများဆုံး ဖြစ်သည်။

ထိုအချိန်က မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ် ဖော်ရေးသားခွင့် မရသော အချိန်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ထိုစာအုပ်ကို ထုတ်ဝေခဲ့ပြီးနောက် မကြာမီ ငါ့တို့စာပေကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားလိုက်ရသည်။ စာပေစိစစ်ရေး အဖွဲ့က မတည်ငြိမ်မှုများကို ဖြစ်စေသည့် အရေးအသား ပါဝင်သည် ဟု ယူဆပြီး ပိတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ “ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍ မရ” စာအုပ်ထဲမှ ဇာတ်ကွက် အများစုက ရွှေဝါရောင် တော်လှန်ရေး၏ ဖြစ်ရပ်မှန်များနှင့် အစိုးရက ပြည်သူ လူထု အပေါ်ဖိနှိပ်ခြင်းများ ပါဝင်နေ၍ ဖြစ်သည်။ နောက် ၁ နှစ်ကြာသည့် အခါ စာပေစိစစ်ရေး အဖွဲ့ကို အစိုးရက ဖျက်သိမ်းခဲ့သည်။

“ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ” စာအုပ်တွင် ပါဝင်သော အဓိကဇာတ်ကောင်၏ မိန်းမ လိုက်စားခြင်း အကြောင်းများ ပါဝင်သောကြောင့် စာပေစိစစ်ရေးအဖွဲ့နှင့် စာဖတ်သူ တချို့တို့ စိတ်ပျက် ခဲ့ကြသည်။

ကိုစန်းမွန်အောင်နှင့် သက်တူရွယ်တူ လူငယ်တဦး ဖြစ်ပြီး နာမည်ကျော် ဘလော့ဂါတဦး ဖြစ်သည့် ကိုနေဘုန်းလတ်က သူ့ဘက်မှ ထောက်ခံခဲ့ သည်။ “ဒီစာအုပ်နဲ့ ပတ်သက်ပြီး သူ့ကို ဝေဖန်စရာ အကြောင်း မရှိပါဘူး။ လူငယ်တယောက် အနေနဲ့ နားလည်ပါတယ်” ဟု ကိုနေဘုန်းလတ်က ပြောသည်။ ထိုစာအုပ်ကို အပြစ်ဆိုသူ အများစုမှာ လူကြီးများ၊ ခေတ်နှင့် အသားမကျသေးသူများ ဖြစ်ဖွယ်ရှိကြောင်း မှတ်ချက်ပေး ခဲ့သည်။

၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်သော အခါ အနည်းငယ် လွတ်လပ်မှု ရလာသည့် အတွက် ကိုစန်းမွန်အောင် ပျော်ရွှင်ခဲ့ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ “တာတေ စနေသား” နှင့် နိုင်ငံရေး အကျဉ်းသူဟောင်း စာရေး ဆရာမ မသီတာ (စမ်းချောင်း) ၏ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စသည့် မြန်မာ့ နိုင်ငံရေးကို ထင်ဟပ်စေသော စာအုပ်များကို ငါတို့စာပေမှ ထုတ်ဝေခဲ့သည်။

ထိုစာအုပ် ၂ အုပ်ကို ထုတ်ဝေချိန်က မြန်မာ နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ စတင်စ ဖြစ်ပြီး လွတ်လပ်ခွင့် မည်မျှအထိ ရရှိနိုင်မည် ကို ဆန်းစစ် နေကြဆဲ ဖြစ်သည့် အတွက် မည်သူမျှ မလုပ်ရဲကြဟု ကိုစန်းမွန်အောင်က ပြောသည်။ သူ၏ စမ်းသပ်မှု အောင်မြင်ခဲ့သည် ဟုလည်း သူက ဆိုသည်။ စာပေစိစစ်ရေးကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည့်တိုင် စာရေး ဆရာများနှင့် ထုတ်ဝေသူများ ရင်ဆိုင်ရမည့် စိတ်ရှုပ်ထွေးစရာများက ရှိနေသေးသည်။ အစိုးရနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ဦးစားပေးမှုများနှင့် တင်းကျပ်သော ဥပဒေ များ ကြောင့် ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင် ငါတို့ စာပေ၏ အစောပိုင်းထုတ်ဝေမှုများက တခြားသော ထုတ်ဝေသူများ အတွက် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပြီး တခြားသူများကလည်း နိုင်ငံရေး စာပေများ ထုတ်ဝေလာကြသည်။ အများအပြား အပြိုင်အဆိုင် ထုတ်ဝေလာ ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ငါတို့စာပေက နိုင်ငံရေး စာပေ တခုတည်းကိုသာ ထုတ်ဝေမည် မဟုတ်ဘဲ အမျိုးအစား ပိုမိုစုံလင်ကျယ်ပြန့်သည့် ဖန်တီးမှုစာပေ များကို အလေးပေး ထုတ်ဝေသွားမည် ဟု ကိုစန်းမွန်အောင်က ဆိုသည်။ နိုင်ငံရေးအခြေအနေ တခုပေါ်တွင် အခွင့်အရေးယူခြင်း သို့မဟုတ် အစိုးရက ချမှတ်ထားသည့် အတားအဆီးများကို ပါးနပ်စွာ ရှောင်ရှားနိုင်ရန် ကြိုးစားခြင်းများ အစား ယခုအခါ တွင် ကိုစန်းမွန်အောင်၏ ရည်ရွယ်ချက်က များစွာ ရိုးရှင်းလာသည်။

“ဖတ်ကြည့်တယ် ကျနော် ကြိုက်ရင် ထုတ်တယ်” ဟု ကိုစန်းမွန်အောင်က သူ၏ လွတ်လပ်သော ရွေးချယ်မှု လုပ်ငန်းစဉ် အသစ်အကြောင်း ပြောပြသည်။

မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စနစ် လွှမ်းမိုးလာမှုနှင့် ပုံနှိပ်ထုတ်ဝေရာတွင် ကုန်ကျစရိတ် များပြား လာမှုတို့ကြောင့် စာအုပ် ထုတ်ဝေသူများ၏ အနာဂတ်သည် ပို၍ ဆိုးရွားဖွယ်ရာ ရှိသော်လည်း ကိုစန်းမွန်အောင်က စာအုပ် အမျိုးအစား တချို့၏ အလားအလာကို မြင်သည်။

ယခုအခါ သူ့တွင် ဦးစားပေး စရာ ၂ ခု ရှိသည်ဟု ပြောသည်။ နိုင်ငံခြား စာပေများကို မြန်မာဘာသာသို့ပြန်ဆိုရန်နှင့် မြန်မာနိုင်ငံ၏ အတိတ်အကြောင်းများကို ပြည်တွင်း ပြည်ပမှ ရေးသားခဲ့သည့်စာအုပ်များကို ပြန်လည်ထုတ်ဝေရန် ဖြစ်သည်။

မျိုးဆက်သစ် စာဖတ်သူများ အတွက် ရည်ရွယ်၍ ကနေဒါနိုင်ငံသား Guy Delisle ၏ ပုံပြစာအုပ်များ ဖြစ်ကြသော မြောက်ကိုရီးယား နိုင်ငံသို့ ခရီးသွားစဉ်က တွေ့ကြုံခဲ့ရသည့် အကြောင်းအရာများကို ရေးသားထားသော “ပြုံယမ်း” (၂၀ဝ၃)၊ မြန်မာနိုင်ငံ သို့ လာရောက်စဉ်က တွေ့ကြုံရသော အကြောင်းအရာများကို ရေးသားထား သည့် “Burma Chronicles” (၂၀ဝ၇)၊ ဂျေရုဆလင်ကို သွားရောက်စဉ်က အတွေ့အကြုံများကို ရေးသား ထားသော Jerusalem (၂၀၁၁) တို့ကို မြန်မာဘာသာသို့ ပြန်ဆို၍ ထုတ်ဝေခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အရောင်းရဆုံး စာအုပ်ဖြစ်သော ဆွီဒင်နိုင်ငံသား စာရေးဆရာ Jonas Jonasson ၏ စာအုပ်ကို သင့်လူ ဘာသာ ပြန်ထားသော “သက်တော် ရာကျော်ရှည်စေသော်ဝ်” စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။

ကိုစန်းမွန်အောင် အနှစ်သက်ဆုံး အလုပ်မှာ မြန်မာနိုင်ငံ အကြောင်း ရေးသားထားသော စာအုပ်များ ထုတ်ဝေခြင်း ဖြစ်သည်။ စာဖတ်သူများ အနေဖြင့်လည်း တချိန်က ရှာဖွေဖတ်ရှုရန် ခက်ခဲခဲ့သော မိမိတို့နိုင်ငံအကြောင်း စာပေများကို ဖတ်ရခြင်း ကြောင့် ကျေနပ်ကြမည် ဖြစ်သည်။

ငါတို့စာပေ စာအုပ်တိုက်မှ အထူး ထုတ်ဝေခြင်း အနေဖြင့် ၂၀ဝ၂ ခုနှစ်တွင် ပါစကယ်ခူးသွေး (Pascal Khoo Thwe) ၏ From the Land of Green Ghosts၊ ၂၀၁၄ ခုနှစ်တွင် ဝင်ဒီလောရုံ (Wendy Law-Yone) ၏ Golden Parasol စာအုပ်၊ ဆုဓာရှား (Sudha Sha) ၏ The King in Exile စသည့် စာအုပ် များကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ပြန်ဆို ထုတ်ဝေခဲ့သည်။

သမိုင်း၏ အထင်ကရ အခင်းအကျင်းများ ဖြစ်သော မြန်မာ့သက်ဦးဆံပိုင် ဘုရင်စနစ် ကျဆုံးခြင်း အပါအဝင် ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းနှင့် ၁၉၈၈ ခုနှစ် အရေးအခင်း အကြောင်းများကို ရေးသားထားသော စာအုပ်များကို ပြန်လည် ထုတ်ဝေခြင်းသည် သမိုင်း၏ ရှည်လျားသော အရှုပ်တော်ပုံများ၊ လူမသိသေးသော အကြောင်း အရာများကို တဖန် ပြန်၍ စိတ်ဝင်စားမှု ရရှိစေပါသည်။

“ကိုယ့်နိုင်ငံ အကြောင်း ကိုယ်တွေ မသိခဲ့တာတွေ အများကြီးပဲလေ” ဟု ကိုစန်းမွန်အောင်က ပြောသည်။ ။

No comments:

Post a Comment