Tuesday, July 21, 2015

နေပြည်တော် အချုပ်ထောင်စီမံကိန်းအတွက် တစ်စုံတစ်ရာလျော်ကြေးပေးရန် သတ်မှတ်ထားခြင်းမရှိ

မဇ္ဈိမ

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ မြေဧကနှစ်ရာပေါ်တွင် အကျဉ်းထောင်သစ်တစ်ခု တည်ဆောက်ရန် အကျဉ်းဦးစီးဌာနက စီစဉ်လျက်ရှိပြီး စီမံကိန်းမြေများကို ပိုင်ဆိုင်သည်ဆိုသည့် တောင်သူများက သီးနှံနှင့် မြေယာလျော်ကြေးများ ရလိုသော်လည်း အာဏာပိုင်များဘက်က တစ်စုံတစ်ရာ လျော်ကြေးပေးရန် သတ်မှတ်ထားခြင်း မရှိသေးပေ။

တောင်သူဦးရေ ၂၀ကျော်ပိုင်ဆိုင်သည့် အဆိုပါ မြေဧက နှစ်ရာပေါ်တွင် ဘုန်းတော်ကြီးကျောင်း ၅ကျောင်းနှင့် အနည်းဆုံး နေအိမ်များကိုလည်း ဇူလိုင် ၁၉ရက်၊ နေ့လည် ၁၂နာရီတွင် နောက်ဆုံး ဖယ်ရှားပေးရန် အကျဉ်းဦးစီးဌာန၏ နေပြည်တော်အချုပ်ထောင်သစ် တည်ဆောက်ရေးအဖွဲ့က အသိပေးအကြောင်းကြားစာများ ကို အသီးသီးပေးပို့ထားသည်။

“ကျွန်တော်တို့ကလည်း အထက်ကဆောက်ဆိုလို့ ဆောက်ရတာ။ အထက်က လျော်ဆို လျော်လိုက်ရုံပါပဲ။ လောလောဆယ် သတ်သတ်မှတ်တော့ ပေးဖို့မရှိဘူး” ဟု အကျဉ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

အချုပ်ထောင်စီမံကိန်းအတွင်းပါရှိသည့် သာသနာ့အောင်လံကျောင်းမှ ကျောင်းတိုက်ဆရာတော် ဦးခေမာစာရထံ အကျဉ်းဦးစီးဌာနက ဇူလိုင် ၈ ရက်စွဲဖြင့် ပေးပို့ထားသည့် အသိပေးစာတွင် “မြေဧက ၂၀၀အား အချုပ်ထောင်သစ် တည်ဆောက်ရန်အတွက် အကျဉ်းဦးစီးဌာနပိုင်မြေအဖြစ် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ပေးခဲ့ပြီးဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား စတင်၍ ဆောင်ရွက်မည်ဖြစ်သဖြင့် မည်သည့်ခွင့်ချက်မှ မရှိဘဲ တရားမဝင် ကျူးကျော်ဆောက်လုပ်နေထိုင်သော ဘုန်းကြီးကျောင်းအား (၁၉. ၇. ၂၀၁၅)ရက်နေ့၊ နံနက် ၁၂နာရီအချိန် အပြီး ဖျက်သိမ်းဖယ်ရှားပေးပါရန်နှင့် ဖျက်သိမ်းဖယ်ရှားပေးခြင်းမရှိပါက တည်ဆဲတရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်” ဟု ရေးသားထားသည်။

အဆိုပါ စီမံကိန်းနေရာသို့ မဇ္ဈိမသတင်းထောက်ရောက်ရှိချိန်သည် နေ့လည် ၁၂နာရီကျော်နေပြီဖြစ်သော်လည်း အာဏာပိုင်များဘက်က လာရောက်ဖယ်ရှားခြင်းမရှိသေးသလို စီမံကိန်းမြေပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှ င့် လူနေအိမ်တဲများလည်း ဖယ်ရှားခြင်း မရှိသေးပေ။

အကျဉ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူကမူ အသိပေးစာ ထပ်မံပေးပို့သွားမည်ဟု ဆိုသည်။

“ဦးဇင်းကတော့ မဖယ်ပေးဘူး။ ဒီမှာနေလာတာပဲ လေးငါးဆယ်နှစ်လောက်ရှိနေပြီပဲ ဒကာကြီးရယ်။ တခြားနေရာမှာ သူတို့ တရားဝင်လုပ်ပေးမယ်ဆိုရင် ဦးဇင်းတို့က အမြဲတမ်း ကြိုဆိုပါတယ်” ဟု သာသနာ့အောင်လံကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက မိန့်ကြားသည်။

အာဏာပိုင်များ၏ စီမံကိန်းအတွင်း ပါဝင်နေသော ဘုန်းတော်ကြီးကျောင်း မြေနေရာအား ဒေသခံနှစ်ဦးက လွန်ခဲ့သည့် ၉နှစ်ခန့်ကတည်းက ရေစက်ချက် လှူဒါန်းထားခြင်းဖြစ်သည်ဟု ဦးခေမာစာရက ဆက်လက်မိန့်ကြားသည်။

စီမံကိန်းမြေပေါ်တွင် တောင်သူများက နှမ်း၊ ပြောင်း၊ မြေပဲ၊ သခွား၊ ငှက်ပျော၊ ပဲတီစိမ်း၊ သရက် စသည့် သီးနှံများ စိုက်ပျိုးထားသည်ကိုလည်း တွေ့ရသည်။

စီမံကိန်းမြေအတွင်း ယာမြေ ၁၅ဧကပိုင်ဆိုင်သူ ဦးချိုကလည်း “ဦးအပါအဝင် တောင်သူတွေက ဖယ်ဖို့ အစီအစဉ်မရှိကြဘူး။ ဘာလို့လည်းဆိုတော့ ဒီနေရာကလွှဲပြီး လုပ်ကိုင်စရာ မြေကွက်မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် သီးနှံလျော်ကြေးအပြင် မြေယာလျော်ကြေးပါ ပေးမည်ဆိုပါက ထွက်ခွာပေးရန် တောင်သူများက ဆန္ဒရှိနေသည်။

“နစ်နာကြေးပေးရင်တော့ ကျွန်တော်တို့ ဖယ်ပေးရမှာပေါ့။ ဒီမြေကြီးပေါ်မှာပဲ လုပ်ကိုင်စားသောက်နေရာတာဆိုတော့ နစ်နာမှုကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဖယ်ပေးဖို့က အဆင့်သင့်ပါပဲ” ဟု တောင်သူတစ်ဦးဖြစ်သည့် ဦးရွှေကျော်က ဆိုသည်။

အာဏာပိုင်များက ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ မြေပေါ်တွင် အချုပ်ထောင်အဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်းမှာ ယခုဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ပါဝင်ခြင်း ရှိ၊ မရှိကို အဆိုပါမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကို မဇ္ဈိမက တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခဲ့ခြင်း မရှိပေ။

No comments: