Wednesday, August 12, 2015

လှေစီးပြေး ဒုက္ခသည် ၁၅၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံ လွှဲပြောင်း

ခင်ဦးသာ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးပြေး ဒုက္ခသည်များအား ၎င်းတို့ နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးလျှက်ရှိရာ ယခု ၄ ကြိမ်မြောက်တွင် ၁၅၉ ဦးကို ထပ်မံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ထိန်းသိမ်းရေးစခန်း၌ ခေတ္တထိန်းသိမ်းထားသည့် လှေစီးပြေး ဒုက္ခသည် ၉၀၀ ကျော်ထဲမှ ယခု လေးကြိမ်မြောက် အဖြစ် ၁၅၉ ဦးကို သြဂုတ်လ ၁၀ ရက်နေ့က နှစ်နိုင်ငံ နယ်စပ်တွင် လွှဲပြောင်း ပေးလိုက်ကြောင်း၊ လူ ၉၀၀ ကျော်အနက် ၂၃၀ ဦး သာ ကျန်ရှိတော့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

ဦးခင်စိုးက “ကျန်တဲ့ ၂၃၀ ကိုလည်း သူတို့နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်နေတယ်လို့ သိရတယ်၊ စိစစ်ပြီးရင် အမြန်ဆုံး ပြန်ခေါ်ယူဖို့ အတွက်လည်း ကျနော်တို့ နှစ်နိုင်ငံ နယ်ခြားစောင့် အဖွဲ့တွေအကြား ဆွေးနွေးနေတာ အပြင်၊ သံတမန် နည်းလမ်းတွေအရလည်း တောင်းဆိုထားပါတယ်” ဟု ဆိုသည်။

ရခိုင်ပင်လယ်ပြင်၌ မေလ ၂၁ ရက်နေ့က ဖမ်းမိထားသည့် ၂၀၈ ဦး နှင့် ဟိုင်းကြီးကျွန်း အနီး၌ မေလ ၂၉ ရက်နေ့က ဖမ်းမိသည့် လူ ၇၀၀ ကျော် စုစုပေါင်း လှေစီးပြေး ဒုက္ခသည် ၉၀၀ ကျော်ကို တောင်ပြိုလက်ဝဲမြို့ရှိ ထိန်းသိမ်းရေး စခန်း၌ ထိန်းသိမ်းထားသည်။

ထိုလူ ၉၀၀ ကျော်၌ ရခိုင်ဒေသမှ ဘင်္ဂါလီ တချို့လည်း ပါဝင်သည့်အတွက် ၎င်းတို့ကို သက်ဆိုင်ရာ နေရပ်ဒေသများသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် လှေစီးပြေး ဒုက္ခသည်များဖြစ်၍ ဥပဒေကြောင်းအရ အရေးယူမှု မရှိကြောင်း၊ ထို့အတူ ၁၀ ဦးကျော်သည်လည်း ထိန်းသိမ်းရေး စခန်းမှ ဘင်္ဂလားနိုင်ငံဘက်သို့ ထွက်ပြေး လွတ်မြောက် သွားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦး က ဧရာဝတီကို ပြောသည်။

ယင်း လူ ၉၀၀ အဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စိစစ်ခေါ်ယူလျှက် ရှိရာ ပထမ ၁၅၀ ဦး၊ ဒုတိယ ၃၇ ဦး၊ တတိယ အကြိမ် ၁၅၅ ဦးနှင့်ယခု စတုတ္ထအကြိမ် အဖြစ် ၁၅၉ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ပေးပြီး ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးခင်စိုးက ရှင်းပြသည်။

ထို့အတူ တနင်္သာရီတိုင်း ကော့သောင်းခရိုင်၌လည်း လူ ၁၀၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းမိထားသေးသည်။ ထိုသူများအား ကော့သောင်းဒေသ၌ ထိန်းသိမ်းစောင့်ရှောက်ထားကာ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများ က စိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ ၎င်းတို့အား စိစစ်ပြီးပါက အမြန်ဆုံး ပြန်လည် လွှဲ ပြောင်းပေးသွားမည်ဟု သိရသည်။

No comments: