မောင်ဆွေဝင်း (ပဲခူး)
အခွန် (Tax) ဆိုသည်မှာ တိုင်းပြည်တခု အတွက် အသက်သွေးကြော ဖြစ်သည်ကို လူအတော်များများ ဂဃနဏ မသိကြသေးပါ။ အကြောင်းမှာ အခွန်စနစ် တိတိကျကျ မရှိခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ပြည်သူတွေ အခွန်ဆောင်တတ်အောင် လေ့ကျင့်စည်းရုံးနိုင်မှု မရှိခဲ့တာလည်းပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ် တလျှောက်လုံးမှာလည်း ပြည်တွင်း အခွန်များ ဦးစီးဌာန (Internal Revenue Department) က ပြည်တွင်း အခွန် မှန်သမျှ ကောက်ခဲ့သည်။ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန်၊ မြေခွန်၊ ရေခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တာတမံခွန်တို့ ဖြစ်ကြ၏။
ထိုကာလအတွင်း အခွန်ကောက်စနစ်တွင် သက်ဆိုင်ရာ အခွန်အရာရှိများက စည်းကြပ် သတ်မှတ်ပိုင်ခွင့် မရှိ။ မြို့နယ် ပြည်သူ့ကောင်စီ (အလုပ် အမှုဆောင်အဖွဲ့) မှ အချိန်ပြည့် အမှုဆောင်တဦးက စည်းကြပ်မှုအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျန်အဖွဲ့ဝင် နှစ်ဦးမှာ အချိန်ပိုင်း ပြည်သူ့ကောင်စီဝင်များ ဖြစ်ကြသည်။ ယင်းစည်းကြပ် မှုအဖွဲ့သို့ မြို့နယ်အခွန် အရာရှိက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခွန်စည်းကြပ် အမိန့် ချမှတ်ရန် တင်ပြရသည်။ အဖွဲ့၏ ဆုံးဖြတ် ချက်သည်သာ စည်းကြပ်မိန့်ဖြစ်၏။ ဤပုံဤနည်းဖြင့် မဆလ အစိုးရက အခွန်ကောက်သည်။
ပြည်သူ့ ကောင်စီ အမှုဆောင်များသည် အခွန်ဥပဒေ၊ နည်း ဥပဒေ စည်းမျဉ်း စည်းကမ်းများကို မလေ့လာကြတာ များသည်။ ရသင့်ရထိုက်သော အခွန်ရရှိမှုသည် ယင်းအဖွဲ့၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည် နေ၏။ ဒီအတော အတွင်း လုပ်ငန်းတခု၏ အရှုံး အမြတ်ကို မလေ့လာ မသုံးသပ်ဘဲ နှစ်စဉ်အခွန် တိုးမြှင့် ကောက်ခံနေသောကြောင့် အလုပ်မဖြစ်သော အခွန်ထမ်းများတွင် အခွန်ဝန်ပိလာခဲ့သည်။ နိုင်ငံ၏ စီးပွားရေးကလည်း ကျဆင်းနေသဖြင့် အစိုးရက အခွန်တိုးကောက်ဖို့သာ ကြိုးပမ်းလာသည်။
အထူးသဖြင့် အခွန်ငွေ များများစားစား ရနိုင်သော တိုက်တာခြံမြေ အရောင်းအဝယ်ကိစ္စများတွင် ကျသင့်သော အခွန်နည်းသလို တချို့ပါတီ ကောင်စီဝိတ်ဖြင့် အခွန်လွတ်သွားတာ တွေလည်း ရှိသည်။
မဆလ အစိုးရသည် သီးနှံဝယ်လည်း အဆင်မပြေ၊ အခွန်ငွေလည်း ထင်သလောက် မဟုတ်တော့ သောအခါ ၁၉၈၈ အရေးအခင်း မပေါ်ပေါက်မီ အချိန်၌ အခွန်ကို သီးနှံများဖြင့် အစားထိုး ကောက်ရန် စီစဉ်တော့သည်။ စပါးသီးနှံ ဝယ်ယူရေးနှင့် အခွန် ကောက်ခြင်းကို ရောနှောပစ်လိုက်ခြင်း ဖြစ်၏။ အခွန်စနစ် မတည်ငြိမ်တော့ပြီ။ ပြည်သူတွေရဲ့ မကျေနပ်မှုများလည်း ဤအချက်လည်း တချက် အပါအဝင် ဖြစ်လာသည်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် နဝတ က အာဏာသိမ်းပြီးနောက် အခွန် စနစ်ကို လိုက်လျောညီထွေ ဖြစ်မည့် အစီအစဉ်များ သိပ်မတွေ့ရချေ။ သို့ရာတွင် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) တခုတော့ တိုးလာ၏။
နဝတ၊ နအဖ အခွန်ကောက်ခံမှုတွင် အပြောင်းအလဲ တရပ်တော့ တွေ့ရသည်။ မဆလပါတီ ဖျက်သိမ်းလိုက်သဖြင့် ပါတီကောင်စီ အဖွဲ့များလည်း မရှိတော့ပြီ ဖြစ်ရာ သူတို့ဖြင့် ဖွဲ့စည်းထားသော စည်းကြပ်မှုအဖွဲ့ ဆိုတာလည်း အလိုအလျောက် ပျက်ပြယ်သွားသည်။ ယင်းအဖွဲ့၏ လုပ်ပိုင်ခွင့်များကို အခွန်အရာရှိ ဝန်ထမ်းက နဝတဖြင့် ၈/၈၈ အမိန့် ကြော်ငြာစာဖြင့် ရရှိသွားသည်။
သို့သော် နောက်ပိုင်းတွင် စစ်တပ်မှ အရာရှိကြီးကြီး ငယ်ငယ်များသည် လာဘ်လာဘကောင်းသည်ဟု ထင်သော အခွန်ဦးစီး ဌာနသို့ ရောက်လာကြသည်။ သူတို့သည် အခွန် ဥပဒေက မည်သို့ ဆိုစေကာမူ ဆုံးဖြတ်ချင်တာ ဆုံးဖြတ် ခိုင်းကြ၏။ လုပ်ငန်းရှင်များ အပေါ် ဩဇာ အာဏာပြကာ လာဘ်ပေးလာဘ်ယူ လုပ်ကြသည်။ ထို့ကြောင့် လမ်းဘေးက ကုန်စုံဆိုင် ပိုင်ရှင်လေးက နှစ်စဉ် အခွန်တိုးဆောင်နေရသော်လည်း ဆန်စက် ဆီစက် ပိုင်ရှင်ကြီးများမှာ မဖြစ် စလောက် အခွန်ပေး သွင်းခြင်းဖြင့် အဆင်ပြေလျက်ရှိ၏။
ဒီလို ပေါ်ပေါ်ထင်ထင်ကြီးတွေ့လာရသော ပြည်သူများက အခွန် မဆောင်ချင်ကြတော့။ မကျေနပ်မှုများလည်း ကြီးထွားလာသည်။ ဆင်ကောင်ကြီး ကတော့ နေပါစေ၊ ယုန်ငယ်လေးတော့ သေပါစေ ပုံစံဖြစ်နေခြင်းကို စိတ်ထဲ မတွေ့ကြ။ မလွဲသာ၍သာ အခွန်သွင်းပေး နေရသည်။ အသိစိတ်ဓာတ်တွင်ကား နားလည်မှု အလျဉ်းမရှိ ဖြစ်လာကြ သည်။ သို့သော် ထိုစဉ်က အခွန်ပုံမှန် ဆောင်နေသူများကို ဂုဏ်မပြု သလို အခွန်ရှောင်နေသူများကို လည်း အခွန်ဥပဒေများအရ ထိရောက်သော ပြစ်ဒဏ်ချ အရေးယူမှုများလည်း မတွေ့ခဲ့ကြရပေ။
အခွန်ကောက်စနစ်ကို တသမတ်တည်း ရှိရမည်ဟု မဆိုလိုပါ။ ပြောင်းလဲလာသော ခေတ်ကာလနှင့် အညီ၊ အခွန်ထမ်းများလည်း အခွန်ဆောင်နိုင်စေ၊ အခွန်ဘဏ္ဍာငွေလည်း တိုးတက်ရရှိစေရေး အတွက် ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ထပ်မံ ပြဋ္ဌာန်းခြင်းများ ကိုတော့ ပြုလုပ်ရမည် ဖြစ်ပါသည်။ သို့သော် ပြဋ္ဌာန်းချက်များ အတိုင်း ဆူကြုံနိမ့်မြင့် မရှိစေဘဲ တိကျစွာ ဆောင်ရွက်ကြဖို့ကား အထူးလိုပါသည်။ “အခွန်”သည် စီးပွားရေး လုပ်ငန်းတိုင်းနှင့် တိုက်ရိုက် ဆက်စပ်လျက် ရှိ၏။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများ တရိပ်ရိပ်တက် လာပါသည်။ ၂၀ဝ၇ ခုနှစ် နောက်ပိုင်း ပြောင်းလဲ လိုက်သည့် အခွန်နှုန်းထားများ ကြောင့် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ အခွန်စနစ်က အိမ်ခြံမြေဈေး ကြီးမြင့်မှုများ အတွက် အဖြေတခု မဟုတ်ကြောင်းလည်း စီးပွားရေးပညာရှင်များက သုံးသပ်ကြပါသည်။ အကျိုးဆက်ကတော့ ငွေမည်း (Black Money) ကို ငွေဖြူလုပ်ချင်သူတွေ အတွက် သတ်မှတ်အခွန်နှုန်းများက ကိစ္စမရှိသော်လည်း ကိုယ့်စုဆောင်းငွေလေးနဲ့ ဝယ်ချင်သူ အတွက်တော့ အဆင်မပြေနိုင်ခြင်းပဲ ဖြစ်သည်။
နိုင်ငံတနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုတွင် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အခွန်ဆိုင်ရာ ဥပဒေများ အရ ထိုက်သင့် သည့် အခွန်များ အပြည့်အဝရရှိခြင်းက အရေးပါပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိမိရဲ့ ဝင်ငွေတွေထဲက ထိုက်သင့်တဲ့ အခွန်ငွေကို ပျူငှာကြည်သာစွာ ပေးဆောင်ခြင်းက နိုင်ငံကြီးသားပီသစေတဲ့ မှတ်ကျောက် တခုဖြစ်တယ်ဟု မိန့်ကြားဖူးသည်။ ဒါကြောင့် အခွန်ရှောင်သူတွေ အားလုံးဟာ နိုင်ငံကြီးသား မပီသသူတွေဖြစ်တာ အထူးပြောစရာလိုမည် မထင်ပါ။ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စနစ်ကို ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်ခဲ့တာကြောင့် ဂျီဒီပီလို့ခေါ်နေကြတဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးမှာ အခွန်ပါဝင်မှု အချိုးအစား နည်းနေရသည်။
ပိုပြီး စိတ်ပျက်စရာ ကောင်းသည်မှာ အာဆီယံ နိုင်ငံများ အတွင်း ဂျီဒီပီတွင် မြန်မာနိုင်ငံက အခွန်ပါဝင်မှု အချိုးအစား အနိမ့်ဆုံး နိုင်ငံ ဖြစ်နေသည်ဟု သိရရာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို မျက်နှာပူစရာ ကောင်းလွန်းနေသည်။ ရှက်ဖို့လည်း အလွန်ကောင်းသည်။ “အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်များ တင်ပြချက်စာတမ်း” တွင် မြန်မာနိုင်ငံမှာ အခွန်ရငွေ နည်းပါးနေရခြင်း အကြောင်းများကို ဖော်ပြထားပြီး အဆိုးရွားဆုံး အချက်တရပ် တွေ့ရပါ သည်။ “အခွန်ရငွေနှင့် ဂျီဒီပီအချိုး နိမ့်ကျရသည့် အချက်များထဲတွင် အခွန်ပမာဏ ကြီးမားစွာ ပေးဆောင်ရသည့် အခွန်ထမ်းများသည် အရိပ်အမျိုးမျိုးခိုကာ အခွန်လျော့နည်း သက်သာအောင် ကြံဆောင်နေကြခြင်း” ဆိုသည့် အချက် ပါဝင်နေသည်။
ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ (၈) တွင် “ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန် ပျက်ကွက်လျှင် သို့မဟုတ် ထိန်ချန်ခဲ့သည့် ဝင်ငွေထက် လျော့နည်း ထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါ အတိုင်း အခွန်နှင့် ဒဏ်ငွေ နှစ်ရပ်စလုံး ပေးဆောင်ရမည့် အပြင် တရားစွဲဆိုခြင်းလည်း ခံရမည်။ တရားစီရင်ရေး အဖွဲ့မှ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအား ၃ နှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ် အပြစ်ပေးနိုင်သည်” ဟု ဖော်ပြထားပါသည်။ သို့သော် ယနေ့အချိန်အထိ ယင်းပုဒ်မကြောင့် ထောင်ကျသွား သူတွေအကြောင်း မကြားမိသေးပါ။
ယနေ့ ဒီမိုကရေစီ ခေတ်ကာလတွင် မိုဘိုင်းတင်း(မ်) (Mobile Team) အဖွဲ့တွေ ပေါ်လာပါသည်။ တရားမဝင် ကုန်သွယ်မှုများကို တားဆီး အရေးယူရန် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အမိန့်စာမှတ် (၉၇/၂၀၁၂) ဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တရားမဝင် ကုန်သွယ်မှု တားဆီး ကာကွယ်ရေး အဖွဲ့ (Mobile Team) များ ဖွဲ့စည်းခဲ့ ပါသည်။
ဟိုအရင်တုန်း ကတော့ ဒီလုပ်ရပ်တွေက မှောင်ခိုလုပ်ငန်း ဖြစ်ပြီး ဒီနေ့ခေတ်မှာ တရားမဝင် ကုန်သွယ်မှုဟု ခေါ်ကြသည်။ သို့သော် လုပ်ရပ်နှင့် ရည်ရွယ်ချက်က အတူတူပဲ ဖြစ်သည်။ ဤလုပ်ငန်းက အဖမ်းအဆီး လွတ်လျှင် အလွန် အကျိုးအမြတ်များပါသည်။ အခွန်မဆောင်ရ သောကြောင့် ပစ္စည်းများ မရောင်းခင်ကပင် အမြတ်ထွက်နေ သည်။
အခွန်စနစ် မကြာခဏ ပြောင်းနေခြင်းကလည်း ရလဒ်ကောင်းများကို လျော့နည်းစေပါသည်။ ထို့ထက် ပြဋ္ဌာန်းချက်ပါ ဥပဒေများ အတိုင်း ထိထိရောက် ရောက်အရေး မယူခြင်းက အခွန်ရှောင်သူများ အတွက် အကာအကွယ် ပေးထား သလို ဖြစ်နေသည်။ စီးပွားရေးပညာရှင်များက ဂျီဒီပီတွင် အခွန် ပါဝင်မှု အချိုးများ နေလျှင် ပြည်တွင်းမှ သယံဇာတ ထုတ်ရောင်းရမှုများ နည်းသွားမည်။ ပြည်ပမှ ကြွေးမြီတွေ အများကြီး ယူစရာ မလို၊ အခွန်ငွေများဖြင့် ပြည်သူ့ အကျိုးစီးပွားကို တည်ငြိမ်စွာ ဆောင်ရွက်ပေးနိုင်မည်ဟု အကြံပြုထားကြပါသည်။ ။
No comments:
Post a Comment