သာလွန်ဇောင်းထက်
ရန်ကုန်-ညောင်တုန်းကားလမ်းမကြီးဘေးမှာ တာပေါ်လင်စ၊ ပလတ်စတစ်တွေကို မိုးထားတဲ့ ၀ါးတဲလေးတွေ အစီအရီရှိနေပြီး ပလတ်စတစ် အကြည်မိုးထားတဲ့ ၀ါးတဲလေးတခုအတွင်း သစ်သား ကွပ်ပျစ်လေးတခုပေါ်မှာ တော့ ကလေးငယ်တဦး ယင်တလောင်းလောင်းဖြစ်နေတဲ့ နို့ဗူးကို အငမ်းမရ စို့နေတယ်။ ကလေးငယ်ကို ညစ်ပတ်စုတ်နေပြီဖြစ်တဲ့ အ၀ါရောင် ထမီစပေါ်မှာ ချထားပြီး ကလေးငယ်ဘေးမှာ ရှိနေတဲ့ ခေါင်းအုံးနဲ့ စောင်က လည်း မှိုနံ့နဲ့ ညှင်းသိုးသိုး အနံ့တွေထွက်နေတယ်။ ကလေးငယ်နာမည်က နှင်းပုလဲဖြစ်ပြီး အသက် ၁၁ လ သာရှိပါသေးတယ်။
နှင်းပုလဲရဲ့ဘေးမှာတော့ မိခင်ဖြစ်သူ ဒေါ်စန်းအေး ညိုးညိုးငယ်ငယ်ထိုင်နေတယ်။ သူ့မျက်ဝန်းတွေက အ၀ါ ရောင် သန်းနေပြီး သူ့ပုံစံကိုကြည့်တာနဲ့ ကျန်းမာ ရေး မကောင်းမှန်း သိသာလွန်းလှတယ်။ ပူပြင်းတဲ့ နေရောင် က သူ့တဲအမိုးဖြစ်တဲ့ ပလတ်စတစ် အကြည်ကို ထိုးဖောက်ပြီး ကျရောက်နေတာမို့ တဲ အတွင်း မှာ ပူအိုက် နေ ပါတယ်။ နှင်းပုလဲရဲ့ အစ်ကိုဖြစ်သူ အသက် ၄ နှစ်သာရှိသေးတဲ့ မောင်ဝင်းထိန်ကတော့ ကိုယ်လုံးတီးနဲ့ ကား လမ်း ပေါ် ဖြတ်သွားတဲ့ကားတွေကို အထူးအဆန်းအလား ငေးမောကြည့်နေတယ်။
သူတို့မိသားစုနေထိုင်တဲ့ ညောင်တုန်းမြို့နယ်၊ အေးရွာမှာ သြဂုတ်လ ၃ ရက်နေ့ကစပြီး ရေတွေတက်လာလို့ ရန်ကုန်-ညောင်တုန်း ကားလမ်းမပေါ်ကို တက် နေထိုင်ရင်း ရေဘေးရှောင်လာကြတာပါ။ မြန်မာနိုင်ငံတ၀န်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၉၉ ဦးသေဆုံးပြီး လူ ၁ သန်းကျော် ရေဘေးသင့်နေတဲ့ မိသားစုတွေ ထဲမှာ နှင်းပုလဲတို့ မိသားစုလည်း အပါအ၀င် ဖြစ်ပါတယ်။
သြဂုတ်လ ၂ ရက်နေ့ကတည်းက ရေဘေးရှောင်ခဲ့ရတာဖြစ်ပေမယ့် အခုအချိန်အထိ အစိုးရအာဏာပိုင်တွေ ဘက်က အကူအညီတခုမှမရခဲ့ဘဲ ရေဘေးသင့်သူတွေကိုယ်တိုင် ရန်ကုန်-ညောင်တုန်း ကားလမ်းပေါ်မှာ တဲထိုးပြီး နေထိုင်ခဲ့ကြတာလို့ နှင်းပုလဲရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းအေးက ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ရေတွေက တအိအိ တက်လာတာ။ ရွာထဲရေ၀င်တော့ နေလို့ကို မရ တော့ဘူး။ အဲဒါကြောင့် ကုန်းမြင့်ဖြစ်တဲ့ ကားလမ်းပေါ်မှာ တက်နေတာ။ တဲတွေက ရွာက လူတွေ ကိုယ်ထူ ကိုယ်ထ တဲထိုးသလို ဘေးအနီးအနားက ဒေသက လူတွေက လာပြီး ၀ါးလေးတွေနဲ့ တဲလေးတွေ လာ ဆောက် ပေးကြတယ်” လို့ ဒေါ်စန်းအေးက ဆိုပါတယ်။
ရေဘေးသင့်သူတွေကို အာဏာပိုင်တွေဘက်က လာရောကူညီတာမျိုးမရှိသလို စားနပ်ရိက္ခာ အကူအညီ ပေးတာတွေလည်းမရှိဘူးလို့ သိရပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက အကူအညီတွေကြောင့်သာ ဆက်လက် အသက်ရှင်နိုင်တာလို့ ရေဘေးသင့်သူတွေက ဆိုပါတယ်။
“ထမင်းချက်စားလို့လည်းမရတော့ ထမင်းထုပ် လာဝေတာ စောင့်ရတယ်။ ထမင်းထုပ်ဝေတာကလည်း ရေမ တက်တဲ့ ရွာတွေက လာဝေကြတာ။ နေ့ရော ညရော ဝေကြတယ်။ အစိုးရအကူအညီဆိုတာမျိုးတော့ ရလည်း မရပါဘူး။ အခု ရေဘေးသင့်သူတွေ ရနေကြတာ ကားလမ်းပေါ်ဖြတ်သန်းသွားတဲ့ အလှူရှင်တွေဆီက ဆန်၊ ရေသန့်၊ အ၀တ်တွေနဲ့ စားစရာတွေ တချို့ရပါတယ်” လို့ အေးရွာဒေသခံ ဒေါ်အေးစိန်က ဆိုပါတယ်။
မူလကတည်းက ဆင်းရဲလွန်းလှတဲ့ နှင်းပုလဲ တို့မိသားစုဟာ ရေဘေးကြောင့် အတော်ကို ဒုက္ခရောက်ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းအေးက ဆိုပါတယ်။ အထူးသဖြင့် ကျန်းမာရေး ချူချာတဲ့ ဒေါ်စန်းလှိုင်က နှင်းပုလဲကို နို့မတိုက် နိုင်ဘဲ မွေးစကတည်းက နို့ဆီကိုသာ တိုက်ကျွေးခဲ့တာမို့ ရေတက်လာချိန်မှာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရတာ အခက်အခဲ လာတယ်လို့ ဆိုပါတယ်။
“ကလေးငယ်ကို တိုက်ကျွေးဖို့ ကလေးနို့မှုန့်ဆိုတာ ကျမတို့ မ၀ယ်နိုင်ပါဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက နှင်းပုလဲကို နို့ဆီပဲ တိုက်ခဲ့တယ်။ ကျမယောင်္ကျားက ဘောက်လုပ်တာပေါ့။ ဘောက်လုပ်တယ်ဆိုတာက ကြုံရာကျပန်း လုပ်တာပါ။ တနေ့ကို ၀င်ငွေ ဘယ်လောက်ဆိုတာမျိုးလည်း ပုံမှန်မရှိဘူး။ အခု ရေတက်လာ တော့ ဘာအလုပ်မှ လုပ်မရတော့ဘူး။ နှင်းပုလဲအတွက်လည်း နို့ဗူးတိုက်ဖို့ ရေနွေး၊ နို့ဆီ အခက်အခဲဖြစ်တယ်။ နေရထိုင်ရတာကလည်း တာလမ်း မှာ နေရတာ ခက်ခဲပါတယ်” လို့ ဒေါ်စန်းအေးက ဆိုပါတယ်။
နို့ဆီကိုသာ မွေးကတည်းက သောက်သုံးခဲ့ရတဲ့ နှင်းပုလဲက ကျန်းမာရေး ကောင်းမွန်တဲ့ပုံမရဘဲ ဖျော့တော့ ပိန်လှီလှပါတယ်။ မကြာခဏ နေမကောင်းဖြစ်နေတဲ့ နှင်းပုလဲကို ဆေးခန်းပြဖို့ ငွေကြေးမတတ်နိုင်တဲ့ အတွက် ကျေးလက်ဆေးခန်းမှာ ရံဖန်ရံခါမှသာ ဆေးသွားထိုးတာမျိုး လုပ်ဖြစ်တယ်လို့ ဒေါ်စန်းအေးက ဆိုပါတယ်။
“ကလေးက ချူချာတယ်။ ခဏခဏ နေမကောင်းဖြစ်တယ်။ ဒါပေမယ့် ကျမကိုယ်တိုင်လည်း နေမကောင်းဘူး။ ဆေးခန်းလည်းမပြနိုင်တော့ တအားနေမကောင်းဖြစ်လာမှ ကျေးလက်ဆေးခန်းမှာ ဆေးသွားထိုးတာမျိုးတော့ ရှိတယ်။ အဲဒါကလည်း ဆေးခန်းက အလကားထိုးပေးတာပါ” လို့ ဒေါ်စန်းအေးက ရှင်းပြတယ်။
ရေဘေးသင့်ပြည်သူတွေမှာ ကျန်းမာရေး မကောင်းတဲ့သူတွေ အမြောက်အမြားရှိနေပြီး ဒီရေဘေးသင့်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်ရေး စခန်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရေဘေးသင့်သူတွေက ဆိုပါ တယ်။
“အိမ်တွေက ရေတက်နေတော့ လိုတဲ့ ပစ္စည်းကို လှေနဲ့ ပြန်ယူတာပေါ့။ ဒါပေမယ့်လည်း အိမ်ထဲကိုတော့ လှေနဲ့ ၀င်လို့မရဘူး။ ရေထဲဆင်းပြီး အိမ်ထဲဝင် ပစ္စည်းဝင်ယူကြတာမျိုးတွေရှိတယ်။ တချို့တွေလည်း အိမ်ကို စိတ်မချ တော့ ရေထဲကနေ အိမ်ပြန်။ ရေ၀င်တဲ့ အိမ်ပေါ်မှာ ဖြစ်သလိုအိပ်ကြတယ်။ အဲဒီတော့ အအေးပတ်တာ၊ ဖျားတာ တွေတော့ အများကြီးပဲ။ အမြဲအေးနေတော့ ဖျားတာပေါ့။ ကိုယ့်ဟာကိုယ် ဆေးရှာ သောက် လုပ်ကြရတယ်။ နှင်းပုလဲလို မကျန်းမမာ ချူချာတဲ့ ကလေးတွေက အဲဒီဒုက္ခကို အဆိုးဆုံး ခံရတာပဲ” လို့ အေးရွာဒေသခံတဦးက ဆိုပါတယ်။
နှင်းပုလဲ မိခင် ဒေါ်စန်းအေးက ရေပြန်ကျသွားရင်တောင် တဲသာအိမ်လေးမှာ ရေ၀င်ခဲ့တာကြောင့် နေလို့ မရမှာကို စိတ်ပူနေပါတယ်။ ၀မ်းရေးအတွက် အလုပ်အကိုင် မရမှာကိုလည်း နေ့စဉ် ပူပန်ကြောင့်ကြနေပါတယ်။
“ဒီရေတက်လာတော့ လယ်တွေ၊ ခြံတွေ၊ အကုန်ပျက်ကုန်တာ။ အိမ်တွေမှာလည်း ရေတအားဝင်တော့ တဲတွေ ဆို အမိုးတွေ ဆွေး၊ ထရံတွေမျောတွေ ဖြစ်ကုန်မယ်ထင်တယ်။ အိမ်နေစရာမရှိမှာလည်း စိုးရိမ်တယ်။ နောက်ပြီး ကိုယ်က သူများခိုင်းတာ လုပ်ရတဲ့သူဆိုတော့ အားလုံး ဒုက္ခတွေ့ရင် ဘယ်သူမှလည်း ခေါ်ခိုင်းနိုင်မှာ မဟုတ် ဘူး။ ၀မ်းရေးအတွက် စိတ်ပူပါတယ်။ ကလေးတွေ စားဝတ်နေရေး၊ ကျန်းမာရေး အကုန်စိတ်ပူရတယ်” လို့ဆိုပါတယ်။
နိုင်ငံတ၀န်း ရေကြီးရေလျှံမှုတွေကြောင့် နှင်းပုလဲတို့လို အကူအညီမရဘဲ အတိဒုက္ခရောက်နေရတဲ့ မိသားစုတွေ အများကြီးရှိနေသလို ပြန်လည်ထူထောင်ရေးတွေအတွက် စိတ်ပူပန်နေရတဲ့ မိသားစုတွေ အမြောက်အမြားရှိ နေကြပါတယ်။
ညောင်တုန်းမြို့နယ်၊ အေးရွာက နှင်းပုလဲမိသားစုက “နူရာ ၀ဲစွဲ လဲရာ သူခိုးထောင်း” ဆိုသလို အလုပ်အကိုင် မရှိလို့ ဆင်းရဲမွဲတေရင်း အခက်အခဲမျိုးစုံ ကြုံတွေ့ရချိန် ရေဘေးကြောင့် အတိဒုက္ခပိုမို ရောက်ရပြီး ရေဘေး သင့်နေချိန်နဲ့ ရေကျပြီးနောက်ပိုင်း မရေရာ မသေချာမှုတွေ ရင်ဆိုင်နေရပါတယ်။
No comments:
Post a Comment