Wednesday, August 12, 2015

ကမ္ဘာကျော်ပါမောက္ခ ဖရန့်စစ်ဖူကူယားမနှင့် လာရီဒိုင်းမွန်းတို့ ရန်ကုန်မြို့တွင် အခမဲ့ ဟောပြောမည်

ဇော်ခမ်းဟိန်း

ကမ္ဘာကျော်နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံရေးဘောဂဗေဒပညာရှင် ပါမောက္ခ ဖရန့်စစ်ဖူကူယားမ (Francis Fukuyama) နှင့် လာရီဒိုင်းမွန်း (Larry Diamond) တို့သည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အာရှပလာဇာတွင် အခမဲ့လာရောက်ဟောပြောမည်ဟု (YSPS) ဥက္ကဋ္ဌဦးမြတ်သူက မဇ္ဈိမကို ပြောသည်။

ပါမောက္ခနှစ်ဦး စတန်းဖို့ဒ်တက္ကသိုလ်၏ အစီအစဉ်တစ်ခုဖြင့် မြန်မာနိုင်ငံသို့လာရောက်ချိန် (YSPS) Yangan School Of Political Science's ကျောင်း၏ (MSc) ဂုဏ်ထူးတန်းကျောင်းသားများအား အဖွင့်မိန့်ခွန်း ပြောကြားပေးရန် ဖိတ်ခေါ်ရင်း ယခုကဲ့သို့ ပွဲကြီး စီစဉ်ဖြစ်သွားခဲ့သည်ဟု ဦးမြတ်သူက ပြောသည်။ ''ကျွန်တော်တို့ ဂုဏ်ထူးတန်းကျောင်းသားတွေက လူ ၂၀ လောက်ပဲရှိတော့ အများပြည်သူလည်း နားထောင်လို့ရအောင် အကုန်အကျခံပြီး စီစဉ်ဖြစ်ခဲ့တာ'' ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၁၂ ရက် ၁ နာရီခွဲတွင် ဖရန့်စစ်ဖူကူယားမက Building Democratic State ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ပြီး လာရီဒိုင်းမွန်းက Global Democratic Trend Horizontal Accountability ခေါင်းစဉ်ဖြင့် သြဂုတ်လ ၁၄ ရက် ၁ နာရီခွဲအချိန်တွင် ဟောပြောမည် ဖြစ်သည်။ ယနေ့အချိန်အထိ စာရင်းပေးထားသူ ၁၅၀ ဦး ကျော်နေပြီး သြဂုတ်လ ၁၁ ရက် နောက်ဆုံးထား စာရင်းပေးရမည်ဟု YSPS ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ''သွားနားထောင်ဖြစ်အောင်ကို သွားမယ်၊ ဒီလို ကမ္ဘာကျော် ပုဂ္ဂိုလ်က အခမဲ့ လာဟောတာကြုံရခဲ တယ်'' ဟု ဗဟိုနိုင်ငံရေး တက္ကသိုလ်ကျောင်းသူဟောင်း ခေါ်မြင့်မြင့်သန်းက ပြောသည်။

ကမ္ဘာကျော် ဖရန့်စစ်ဖူကူယားမသည် စတန်းဖိုဒ့်တက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်နှင့် နေပြည်တော်မြို့သို့ လာရောက်ဟောပြောဖူးသည်။ ၎င်း၏ စာအုပ်နှင့် စာတမ်းများကို စာရေးဆရာအသီးသီးက မြန်မာဘာသာသို့ မိတ်ဆက်ပြန်ဆို ထုတ်ဝေခဲ့ကြသည်။

No comments: