Tuesday, September 22, 2015

အဂတိကင်းစင်တဲ့အစိုးရ ဖြစ်စေရ မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ကတိပြု

DVB


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနိုင်လို့ အစိုးရဖွဲ့နိုင်ရင် အဂတိလိုက်စားမှု ကင်းစင်စေရမယ်လို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးပါတယ်။

မန်းတလေးတိုင်း ရမည်းသင်းမြို့နယ်မှာ စက်တင်တဘာလ ၁၉ ရက် စနေနေ့က ကျင်းပတဲ့ လူထုဟောပြောပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားမှုတွေနဲ့ အသားကျ ယဉ်ပါးနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ခက်ခဲမယ့်အခြေအနေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို ရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျမတို့အဖွဲ့သာ အစိုးရဖြစ်လို့ရှိရင်တော့ အဂတိလိုက်စားမှု ကင်းစင်ရပါစေမယ်လို့ ကျမ ပြောနိုင်ပါတယ်။ ” လို့ ပြောပါတယ်။

၁၇ နှစ်သမီးအရွယ်အထိ မြန်မာပြည်မှာ ဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့ခေတ်ကို မှီခဲ့ကြောင်းနဲ့ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အချိန်အထိ အစိုးရအဖွဲ့က ဒုတိယ၀န်ကြီးတဦးသာ အဂတိလိုက်စားမှုရှိတယ်ဆိုတာကို ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

“တနိုင်ငံလုံးမှာ ဒီဟာက သတင်းကြီးဖြစ်သွားတယ်။ သြော်… အစိုးရအဖွဲ့ဝင်တယောက် ဖြစ်ပြီးတော့ အဂတိလိုက်စားတယ်ဆိုတာ ကျမတို့အတွက် အင်မတန် အံ့သြစရာပဲ။ အဲဒီတော့ ဒီလိုခေတ်မျိုး ပြန်ဖြစ်စေချင်တယ်။ အစိုးရအဖွဲ့ဝင်တွေ အဂတိလိုက်စားတယ်ဆိုတာ မကြားစဖူး ကိစ္စမျိုး ကျမတို့နိုင်ငံမှာ ဖြစ်သွားစေချင်ပါတယ်။ အဲဒါတော့ ကျမတို့ ကတိပေးနိုင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိကင်းစင်စေရမယ်” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း အဖြစ် ပါတီမှာ လျှောက်လွှာတင်တဲ့အခါမှာ မိမိပိုင်ဆိုင်မှုတွေကို အသိပေးရသလို ဒီပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ သံသယဖြစ်စရာရှိရင် မေးမြန်းတာ၊ စိစစ်တာကို ခံယူပါ့မယ်ဆိုပြီး ၀န်ခံချက်လက်မှတ်ထိုးကြရပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက အဂတိလိုက်စားမှုတိုက်ဖျက်တဲ့ဥပဒေတွေ ရှိပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်ခြင်း မရှိတာကြောင့် တစထက်တစ ကြီးထွားလာခဲ့ တာပါ။

မနှစ်က ထုတ်ပြန်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အစီရင်ခံစာအရ ၆ လ သက်တမ်းအတွင်းမှာ တိုင်ကြားစာ စုစုပေါင်း ၅၃၃ စောင်ရခဲ့တဲ့အနက် သတ်မှတ်ချက်နဲ့ ကိုက်ညီတာ ၃ စောင်ပဲ ပါဝင်ပြီး အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။

အုပ်ချုပ်ရေးယန္တရားအတွင်း အဂတိလိုက်စားမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြရာမှာ လုပ်ခလစာ မလောက်ငှခြင်းကိစ္စတခုဟာလည်း နက်နက်ရှိုင်းရှိုင်းပါဝင်နေတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

Transparency International အဖွဲ့ရဲ့မနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့်အရ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် အဆင့် ၁၅၆ မှာရှိနေပါတယ်။

မြန်မာထက်ပိုမိုပြီး အဂတိလိုက်စားမှုများပြားတဲ့နိုင်ငံတွေစာရင်းမှာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ တောင်ပိုင်းဆူဒန်တို့ဖြစ်ကြပြီး အဂတိလိုက်စားမှု အနည်းပါးဆုံးထိပ်တန်းနိုင်ငံတွေက ဒိန်းမတ်၊ နယူးဇီလန်။ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ လက်ရှိတရုတ်ခေါင်းဆောင်ပိုင်းဟာ အဂတိလိုက်စားမှု ကို ထိထိရောက်ရောက် တိုက်ဖျက်နေပြီး အစိုးရအဖွဲ့ထိပ်ပိုင်းတာဝန်ရှိသူတချို့ပါ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်အရေးယူနေပါတယ်။

No comments: