Friday, September 18, 2015

ဖမ်းဆီးခံထားရသော မြန်မာတစ်ဦး ထိုင်းအကျဉ်းထောင်ထဲတွင် သေဆုံး

နန်းမြနဒီ


ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် မဟာချိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ မြန်မာနိုင်ငံသား တစ်ဦး သေဆုံးသွားပါတယ်။

ထိုင်းရဲတွေက အသက် ၆၀ ရွယ်ရှိ ဦးခင်မောင်ဆိုသူရဲ့ အိမ်ခန်းထဲမှာ ခဲသီးတစ်လုံး တွေ့တာကြောင့် သူ့ကို လက်ပစ်ဗုံးလုပ်တယ်ဆိုတဲ သံသယနဲ့ ဖမ်းထားပြီး အချုပ်ခန်းမှာဘဲ သေဆုံးသွားတာလို့ မဟာချိုင်အခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ် ကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က သူ့သမီးက ကျနော်တို့ အဖွဲ့ကို အကူအညီတောင်းလာပါတယ်။ ထိုင်းရဲတွေက စစ်ဆေးရေးဝင်တော့ သူ့တို့ ငါးဖမ်းပိုက်မှာထည့်သုံးတဲ့ ခဲသီးကို လက်ပစ်ဗုံးလုပ်တယ်ဆိုပြီး သူတို့အဖေကို ဖမ်းသွားတာတဲ့။ ကျနော်တို့က သူမတရားအဖမ်းခံထားရတဲ့ကိစ္စ လိုက်လုပ်ပေး နေရင်း မနေ့ညနေပိုင်းကဘဲ ထောင်ထဲမှာ ဆုံးသွားတယ်။ သူဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ ဒါပေမယ့် သူက နေမကောင်းဘူး။ ကျောမှာ ခွဲစိပ်ထားတယ်။ ဆေးပုံမှန် သောက်ရ တယ်။ ထောင်ထဲမှာ ဆေးဝါးယူခွင့်မရှိတော့ ဆေးပုံမှန် မသောက်ရတာလည်းပါမယ်လို့ သူ့သမီးက ပြောတယ်။ အခုကျနော်တို့ ဆေးရုံမှာ သူ့အလောင်းကို ထုတ်ပြီး မဟာချိုင် ဘုန်းကြီးကျောင်းကို သယ်သွားဖို့ လုပ်နေပါတယ်ခင်ဗျ။”

သူတို့အဖွဲ့အနေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း တိုင်ကြားထားပြီး အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားမျှတရေးအတွက် ကြိုးစားသွားမှာဖြစ်ကြောင်း၊ သူ့ကို မတရား ဖမ်းဆီး သွားတဲ့ ထိုင်းရဲကိုလည်း တရားစွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဦးခင်မောင်ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ညောင်စင်ကျေးရွာကဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် ထိုင်းနိုင်ငံရှိ သမီးဆီလိုက်လာကာ ဆေးဝါး ကုသခံယူနေသူ တစ်ဦးဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့လက လူပေါင်း ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း တရားခံကို ဖမ်းဆီးရမိဖို့ ထိုင်းရဲတွေက နေရာအနှံ့ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးရေးတွေ လုပ်နေတာမှာ အထောက်အထားမပြည့်စုံသူ ရွှေ့ပြောင်းအလုပ်သမား တွေလည်း နေ့စဉ်လို ဖမ်းဆီးခံနေရပါတယ်။

No comments: