အောင်မျိုးဦး
နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်ပတ်သက်ရန် အခက်အခဲများ များစွာကြုံရလေ့ရှိသည်။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသမီးများအတွက် ပို၍ခက်ပါသည်။ မိသားစုတာဝန်၊ အိမ်ထောင့်တာဝန်များကို အချိန်ပြည့်ယူထားကြရတာ ဖြစ်ပြီး ၀ါသနာပါသည့်တိုင် နိုင်ငံရေးနယ်ထဲသို့ အတော်အတန်ဖြင့် ခရီးပေါက်အောင် စွမ်းဆောင်နိုင်ကြခြင်း မရှိနိုင်ကြရှာပါ။ နိုင်ငံရေးနယ်သို့ ခရီးစတင်ထွက်နိုင်သည့်နိုင် ကြုံတွေ့ရသည့် အခက်အခဲများမှာ အတော်ပင်များပြားပါသည်။
၂၀၁၅ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ရှိပြီး ၄င်းအထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ နီးပါး ပါဝင်နေပါသည်။ ထိုအမျိုးသမီးများထဲတွင် ရှားရှားပါးပါး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ပါဝင်နေပြီး ထိုကိုယ်စားလှယ်လောင်းနှင့် တွေ့ဆုံဖြစ်ခဲ့ပါသည်။
သူ့အမည်မှာ ဆိုင်းနူးပန်ဖြစ်ပြီး ကချင်ဒီမိုကရက်တစ်ပါတီမှ မန်စီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ သူသည် အသက် ၂၆ နှစ်ဖြစ်ပြီး ယခုအခါ ကိုယ်ဝန် ၅ လ ရှိနေသည်။ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလတွင် ကိုယ်ဝန် ၇ လ ကျော်ရှိလာမည်ဖြစ်ရာ ကိုယ်ဝန်အရင့်အမာဖြင့် ရွေးကောက်ပွဲကာလကို ဖြတ်သန်းမည်ဖြစ်သည်။ ကြုံလာမည့် အခက်အခဲများအတွက် အားတင်းထားသည့် ဥပဒေဘွဲ့ရ၊ အထက်တန်းရှေ့နေ ဆိုင်းနူးပန်နှင့် တွေ့ဆုံခဲ့ရသည့် ခဏာတာတွင် သူ၏ ပြင်ဆင်မှုများအတွက် မေးမြန်းစူးစမ်းခွင့်ရခဲ့ပါသည်။
ဆိုင်းနူးပန်မှာ အရှေ့ညောင်ပင်ရပ်ကွက်၊ ဗန်းမော်မြို့တွင် နေထိုင်လျက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အသေးစိတ်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
မေး – မန်စီမှာ ၀င်ပြိုင်ဖို့ အမ ကိုယ်တိုင်ရွေးတာလား။ ပါတီဝင်ရွေးခံခိုင်းတာလား။
ဖြေ – ပါတီဥက္ကဋ္ဌကိုယ်တိုင် အိမ်တိုင်ရာရောက်လာပြီးတော့ ဆွေးနွေးပေးတယ်။ ကျမကိုယ်တိုင် မန်စီမြို့နယ်ကို ရွေးချယ်ခဲ့တယ်။ ကျွန်မကမန်စီဇာတိပါ။ အိမ်ထောင်ကျတာက ဗန်းမော်မှာ၊ ဗန်းမော်မှာပဲ အခြေကျပြီးနေထိုင်ပါတယ်။ မန်စီဆိုတာ ဗန်းမော်ခရိုင်ထဲမှာ ပါဝင်တယ်။
မေး – ၀င်ပြိုင်ဖို့ အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ။
ဖြေ – အဓိက စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားတယ်။ အတားအဆီး၊ အခက်အခဲတွေ အများကြီးရှိတယ်။ လူတွေရဲ့ ဝေဖန်မှုတွေရှိတယ်။ ဝေဖန်မှုတွေဟာ ကျမကို စိတ်ဓာတ်မကျစေဘူး။ လိုအပ်ချက်ကို ထောက်ပြတဲ့ဟာတွေပဲလို့ခံယူတယ်။ များများဝေဖန်လေလေ ကိုယ့်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ ပိုပြီး အခွင့်အရေးရလေပဲလို့ ခံယူထားတယ်။ ဝေဖန်မှုဟာ ကိုယ့်အတွက် ခွန်အားတွေပဲလို့ ခံယူပါတယ်။
မေး – ရွေးကောက်ပွဲမှာ ဘာလို့ဝင်ပြိုင်ရလဲ။
ဖြေ – တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မြှင့်တင်ချင်လို့ပါ။ အဓိက က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသွားနိုင်အောင်ပေါ့။ တောင်ပေါ်ဒေသ မသိနားမလည်တဲ့ ပြည်သူလူထုတွေကို ထွန်းပေါက်စေချင်တယ်။ ကလေးသူငယ်များနှင့် အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ တိုးမြှင့်လာစေဖို့ အားကုန်ကြိုးစားစေချင်ပါတယ်။
မေး – အမရဲ့ အမျိုးသားက နိုင်ငံရေးလောကထဲကပဲလား။
ဖြေ – သူက နိုင်ငံရေးသမားမဟုတ်ဘူးပါဘူး။ စီးပွားရေးသမားပါ။ သူက နိုင်ငံရေးတော့ စိတ်ဝင်စားတယ်။ ဘာသာရေးမှာလည်း အလှူအတန်း ရက်ရောတယ်။ စိတ်ထား မွန်မြတ်တဲ့ ယောက်ျားကောင်း တစ်ယောက်ပါ။ ကျမကိုလည်း အကူအညီတွေ အများကြီးပေးပါတယ်။ အားပေးပါတယ်။
မေး – အမ အခုလို နိုင်ငံရေးမှာ ၀င်ပါတာကို အမျိုးသားက သဘောတူလား။
ဖြေ – သဘောတူတယ်။ ကျွန်မတခါတလေစိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ သူကခွန်အားဖြစ်စရာ စကားတွေပြောပါတယ် ဒါကြောင့်ပါတီိနိုင်ငံရေးအလုပ်ကို ပိုပြီးလုပ်ဆောင်ဖြစ်ပါတယ်။အဖက်ဖက်မှလည်းပါဝင်ကူညီပေးပါတယ်။
မေး – ၀င်ပြိုင်ဖို့ ဆုံးဖြတ်ပြီးမှ ကိုယ်ဝန်ရလာတာလား။ ကိုယ်ဝန်ရပြီးမှ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ဖြစ်တာလား။
ဖြေ – အရင်ကတည်းက legal aid network (ဥပဒေအထောက်အကူပြုကွန်ယက်) မှာလုပ်တယ်။ အဲဒီကတည်းက နိုင်ငံရေးစိတ်ဝင်စားတယ်။ ကမ်းလှမ်းတဲ့ပါတီက နှစ်ဖွဲ့လောက်တော့ ရှိတယ်။ ဒီပါတီ (ကချင်ဒီမိုကရက်တစ်ပါတီ) ရဲ့ မူဝါဒ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရရှိရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေး ဆိုတဲ့အချက်တွေကို ကြိုက်လို့ ၀င်ပြိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ ကိုယ်ဝန်ရှိရှိနဲ့ကို ၀င်ပြိုင်ဖို့ဆုံးဖြတ်လိုက်တာ။
မေး – ရွေးကောက်ပွဲရက်နဲ့ ကိုယ်ဝန်အရင့်အမာဖြစ်လာချိန် ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ – ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တစ်ဦး ရွေးထားတယ်။ သူ့ကို ကိုယ်စားအလုပ်တွေ ပေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ကိုယ်ကိုယ်တိုင်လည်း တတ်နိုင်တဲ့အထိ အားကုန်ကြိုးစားမယ်။ နိုင်ခဲ့ရင်လည်း ပြည်သူလူထုအတွက် ရပ်တည်ပေးမှာ။
မေး – ၀င်ပြိုင်မယ့် မဲဆန္ဒနယ်မှာ အမနဲ့ ယှဉ်ပြိုင်သူ ဘယ်နှစ်ယောက် ရှိသလဲ။
ဖြေ – အခုတော့ ၈ ယောက် ရှိသွားပြီလို့ ပြောပါတယ်။ အားလုံး အမျိုးသားတွေပဲ။ ကျမ တစ်ယောက်တည်းပဲ အမျိုးသမီးပါ။
မေး – အနိုင်ရခဲ့သည်ရှိသော် ပြည်သူ့လွှတ်တော်တက်ရမယ်။ နေပြည်တော်မှာ တက်ရမယ်။ ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ – လွှတ်တော်တက်ရမယ့်အချိန် ကလေးထိန်းခေါ်သွားမယ်။ အလုပ်ချိန်မှာ အလုပ်လုပ်မယ်။ အလုပ်နားချိန် ကလေးပြန်ကြည့်မယ်။
No comments:
Post a Comment