Friday, September 18, 2015

အမျိုးသားပညာရေး တောင်းဆိုနေမှုတို့နှင့် ပက်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်

ဆန်းဖြိုးထွန်း

လူထုနှင့် ကျောင်းသားများ သဘောထားဆန္ဒများ မပါဝင်ဘဲ လက်ရှိလွှတ်တော်တွင် အတည်ပြုပြဌာန်းထားသည့် အမျိုးသား ပညာရေးဥပဒေကို ပြုပြင်ပေးရန် တောင်းဆိုနေမှုများနှင့် ကျောင်းသားများ တောင်းဆိုနေသည့် အချက်(၁၁)ချက်တို့အား ကျောင်းသားများနှင့် ပြည်သူများ သိရှိမှုအားနည်းနေသည့်အတွက် ယင်း အကြောင်းရာများကို သိရှိနားလည်ကြစေရန်အတွက် ကယားတွင် ဆွေးနွေးပွဲများ၊ အသိပညာပေးမှုများကို လာမည့် အောက်တိုဘာလအတွင်းတွင် ပြုလုပ်သွားရန် လျာထားသည်ဟု ကယားပြည်နယ်ကျောင်းသား သမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်က ပြောသည်။

“ကျနော်တို့လျာထားတယ် လူတွေအားလုံးသိအောင်ပေါ့၊ ဒီအမျိုးသားပညာရေးကို ပြောင်းလဲပေးဖို့ ဘာလို့တောင်းတာလဲ တစ်ဖက်ကလည်း ဘယ်လိုမျိုးအတည်ပြုခဲ့လဲဆိုတဲ့ ဟာတွေကို လူငယ်တွေ ကျောင်းသားတွေကို လိုက်ပြီး အသိပညာပေးမယ့်ပုံစံမျိုးပေါ့နော်၊ သင်တန်းဆိုတာထက် ဆွေးနွေးပွဲလေးတွေ ပေါ့၊ လိုက်လုပ်ဖို့ရှိပါတယ် ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ပြည်နယ်တွင်း ကျောင်းသားသမဂ္ဂများဖွဲ့စည်းထားသော်လည်း အမျိုးသားပညာရေးကို ပြုပြင်ပေးရန် တောင်းဆိုနေမှုများကို ကျောင်းသားများအကြား ချပြခွင့်မရရှိသေးသလို သမဂ္ဂများ၏ အရည်အသွေးများ အနှစ်သာရများကို ကျောင်းများတွင် တရားဝင် ချပြဆွေးနွေးခွင့်များ မရရှိသေးဘဲ အမျိုးသားပညာရေး ဥပဒေနှင့် ပက်သက်၍လည်း ကျောင်းသားများအကြား သိရှိမှု မရှိသောကြောင့် အခုလို ဆွေးနွေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ခွန်ရဲမင်းကျော်က ဆက်ပြောပါသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဌာန်း လိုက်သည့် အမျိုးသားပညာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှုများပြီး ဒီမိုကရေစီစံနှုန်းမပြည့်မှီပဲ ကျောင်းသားထုနှင့် ဆရာ၊ ဆရာမများ၏ လွတ်လပ်စွာရပ်တည်ခွင့်ကို ထိန်းချုပ်သည့် ဥပဒေဖြစ်ပြီး တိုင်းရင်းသားများ၏ လွတ်လပ်စွာစာပေသင်ကြားခွင့်တို့ကို အာမခံချက်မရှိခြင်း စသည့်အချက်များကြောင့် တစ်နိုင်ငံလုံးရှိကျောင်းသားများက သပိတ်မှောက်ကန့်ကွက်ခဲ့ကြပြီး တောင်းဆိုချက် ၁၁ ချက်ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သမဂ္ဂများအပေါ် အစိုးရမှ ဖိနှိပ်မှု ရှိနေသလို ကျောင်းသားများ၏ လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် တားမြစ်ထားကာ လက်ရှိတစ်နိုင်ငံလုံး ကျောင်းသားသမဂ္ဂများ တောင်းဆိုနေသည့် အမျိုးသားပညာရေးဥပဒေကိုလည်း ကျောင်းများတွင်ချပြဆွေးနွေးခြင်း မရှိသည့်အပြင် ကျောင်းသားများအား နိုင်ငံရေး မျက်စိပိတ်အောင် လုပ်နေတယ်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောသည်။

“လက်ရှိပညာရေးဥပဒေကို ပြောင်းလဲဖို့ ကျနော်တို့ကြိုးစားနေကြတယ် တိုက်ပွဲဝင်နေကြတယ် ဒီလိုအမျိုးသား ပညာရေးဥပဒေကို ကျောင်းတွေ မချပြဘူး။ ကျောင်းသားတွေကိုလည်း ဒီအပေါ်မှာ စိတ်ဝင်စားမှု မရှိအောင်လုပ်ထားတယ်။ ကျနော်တို့ လိုချင်နေတာ လိုအပ်နေတာကို ကျောင်းသားတွေကိုချပြဖို့ ကြိုးစားရမယ်။ နောက်ဆုံးကျောင်းတွေမှာ ပညာရေးနဲ့ပက်သက်ပြီး ဆုံးဖြက်ချက်တွေ ချနိုင်တဲ့ ကျောင်းသားလွှတ်တော်မျိုးထိ ရရှိအောင်လုပ်ဖို့ထိ ကျနော်တို့ကြိုးစားနေကြတာပါ”ဟုပြောသည်။

လက်ရှိ လွှတ်တော်တွင်အတည်ပြုပြဌာန်းထားသည့် အမျိုးသားပညာရေးဥပဒေကို သိရှိနားလည်မှု မရှိသလို ကျောင်းသားများ နိုင်ငံရေးလုပ်လျှင် အရေးယူခံရမှုများရှိလာနိုင်ကာ တကယ်ပြုပြင်ဖို့ သင့်မသင့်ကို မဆုံးဖြက်တတ်သေးကြောင်း အဝေးသင်တက္ကသိုလ်ကျောင်းသား တစ်ဦးကပြောသည်။

“အမှန်တိုင်းပြောရရင်မသိဘူး ဒီဥပဒေကို တစ်ခါမှလည်းမဖက်ဖူးဘူး သူများတွေပြောတာတော့ ကြားတာပေါ့ ဆန္ဒပြကြတယ် ဆိုတာတော့သိတယ။် ကိုယ်တိုင်တော့ မပါဝင်ရဲဘူး။ ကျောင်းကအရေးယူမှာ၊ ပညာ သင်ကြားရေးမှာ ထိခိုက်မှာကြောက်တယ်။ ဥပမာ ဆန္ဒပြတဲ့ထဲပါရင် စာမေးပွဲကျမယ်တို့ဘာတို့ပေါ့ ဒီဥပဒေနဲ့ ပက်သက်တာတွေ သူတို့လိုက်ရှင်းပြမယ်။ ဆွေးနွေးကြမယ်ဆို ပိုကောင်းတာပေါ့ ကျနော်တို့လည်းသိရတာပေါ့။ ပြီးတော့ နိုင်ငံရေးမှာ ဘယ်လိုပါဝင်ရမလဲ ဆိုတာတွေပါ သိရအောင်ပေါ့ ”ဟု ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြုပြင်ပေးရန်အတွက် တစ်နိုင်ငံလုံးရှိကျောင်းသားများ ပူးပေါင်း၍ ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းများဖွဲ့ကာ မန္တလေးမှ ရန်ကုန်သို့ခြေလျင်ချီတက်သပိတ်မှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး လက်ပံတန်းတွင် စစ်ကြောင်းဖြိုခွင်းခံရကာ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကို ဦးဆောင်သော ကျောင်းသားခေါင်းဆောင်များနှင့်အတူ ဝန်ရံပြည်သူများ၊ သပတ်မှောက်ကျောင်းသားများ ဖမ်းဆီးခံခဲ့ကြရသည်။

ထိုနည်းတူ ကယားနှင့် ရှမ်း/တောင် ကျောင်းသားများ စုပေါင်း၍ လွန်ခဲ့သည့် မတ်လတွင်လည်း ကယားပြည်နယ်တွင် အမျိုးသားပညာရေးဥပဒေအား ဆန့်ကျင်သပိတ်မှောက်မှုများလည်း ပြုလုပ်ခဲ့ဖူးသည်။

No comments: