မေစစ်ပိုင်
“ဒီဘဝမှာ အများအတွက် လူဖြစ်ရချင်းသာနေပျော်တဲ့ဘဝဖြစ်ချင်တယ်”ဟု သူက ပြောပြသည်။ ရင်ဖုံးအင်္ကျီ အဖြူနှင့်အနက်ရောင်ထမီကို အမြဲတစေ ဝတ်ဆင်တတ်သော သူသည် ပရဟိတလုပ်ငန်းများနှင့်သာ အချိန်ပြည့် ယင်း လုပ်ငန်းများကို လုပ်ဆောင်နေရသည့်အချိန်တိုင်း အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေတတ်သော ပီတိကြောင့် အမြဲ တက် ကြွလန်းဆန်း နေတတ်သူဖြစ်သည်။
ဒေါ်သန်းမြင့်အောင်သည် လူမှုကူညီရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုမီကပင် အကူအညီလိုအပ်သူများ အား တတ်စွမ်းသရွေ့ အကူအညီပေးခဲ့သူဖြစ်သည်။ စာရေးဆရာမတဦးလည်းဖြစ်သည့် သူသည် ၂၀၀၂ ခုနှစ်တွင် ‘သဏ္ဌာန်မဲ့ထုထည်’ ၀တ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။
သူသည် လူမှုပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် အဖြစ်အပျက်များကို စာပေဖြင့်သရုပ်ဖော် ရေးသားသကဲ့သို့ စာသင် ကျောင်းများနှင့် စာပေဟောပြောပွဲများမှတဆင့် ပရဟိတစိတ် ထွန်းကားရေး၊ စာရိတ္တကောင်းမွန်ရေး၊ ဘ၀ကို တန်ဖိုး ရှိစွာအသုံးချရေးအတွက် တိုက်တွန်းဟောပြောနေသူလည်း ဖြစ်ကြောင်း သိရသည်။
“အဖေက စာသိပ်ဖတ်သူတယောက်ဆိုတော့ ကျမ ငယ်စဉ်ကတည်းကစာအုပ်ပုံထဲမှာကြီးလာခဲ့တယ်။ ၈တန်းကျောင်းသူ အရွယ်ရောက်တော့ လုံးချင်းရသစာပေတွေဖတ်နေပြီ။ အဲဒီဇာတ်ကောင်စရိုက်တွေကလည်း ကျမအပေါ် လွှမ်းမိုးတယ်။ အဲဒါက ကိုယ့်အတွက် အသိဥာဏ်ဖြစ်လာတာပဲ။ ဆရာမကြီးဒေါ်ခင်နှင်းယုရဲ့ “မွှေး”ဝတ္ထုထဲက လူဆိုတာက ကိုယ်ကျိုး စွန့် တဲ့စိတ်နဲ့ အများကို ကူညီချင်တဲ့စိတ်ကလေးမှ ပါမလာရင် တခြားသတ္တဝါနဲ့ ဘာများထူးဦးမှာလဲဆိုတဲ့ စာသားကိုဖတ်ပြီး အဲဒီစိတ်ကလေးမှ မရှိရင် လူဆိုတဲ့သတ္တဝါက တိရိစ္ဆာန်နဲ့တူတူပဲလို့ သိလိုက်ရတော့ပိုပြီး လူပီသချင်တဲ့ စိတ်ပေါ်လာတယ်” ဟု ဒေါ်သန်းမြင့်အောင်က ရှင်းပြသည်။
လူတိုင်း ဆင်းရဲသည့်ဒဏ်ကို ကြံ့ကြံ့ခံစေချင်ပြီး စာရိတ္တမဆင်းရဲအောင် ထိန်းစေချင်ကြောင်း၊ အမှားအမှန်၊ ကုသိုလ် အကု သိုလ်၊ ဓမ္မ အဓမ္မ ဆိုသည့် အသိတရားများ လူတိုင်းတွင် ရှိလာပါက အကျည်းတန်မှုများလျော့သွားမည်ဖြစ်ကြောင်း သူက ထောက်ပြပြောဆိုသည်။
“ ဒီလိုဆင်းရဲတဲ့နိုင်ငံမှာ အကုန်ုလုံး မဟုတ်ပေမယ့် အများစုက ချို့တဲ့နွမ်းပါးနေကြတော့ ကိုယ့်တဦး တယောက်တည်း အတွက် ကိုယ်ကျိုးရှာတာတွေ အမြတ်ထုတ်တာတွေ မလုပ်ဖြစ်ကြဖို့လိုတယ်။ ကိုယ့်လောက် အဆင်မပြေသူတွေကိုလည်း စာနာစိတ်ကလေးနဲ့လှည့်ကြည့်ကြစေချင်တယ်။ မြင့်ရာက နိမ့်ရာကို စီးဆင်းစေချင်တယ်”ဟု ဒေါ်သန်းမြင့်အောင်က သူ၏ ဆန္ဒကို ပြောပြသည်။
သူ တည်ထောင်ထားသော “ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာ”သည် နိုင်ငံတဝှမ်းရှိ ကူရာကယ်ရာမဲ့နေသည့် နာမ ကျန်းဘိုးဘွားများ၊ စွန့်ပစ်ခံခဲ့ရသည့်ဘိုးဘွားများအတွက် အဓိက ရည်ရွယ်ပြီး ဖွင့်လှစ်စောင့်ရှောက်ထားသည့် နေရာ တခုဖြစ်သည်။
“အထူးသဖြင့်အပျိုကြီးတွေ စွန့်ပစ်ခံရတာများတယ်။ အရင် သူတို့စွမ်းနိုင်စဉ်က စောင့်ရှောက်ခဲ့တဲ့တူ တူမ ဆွေမျိုးရင်းချာ အချို့က အိမ်ထောင်ရက်သားကျလာတော့ သူတို့ကို ပစ်ပယ်ချင်လာကြတယ်။ အကြောင်းရင်းကတော့ ဆင်းရဲရုန်းကန်ရ တာလည်းပါတာပေါ့။ ဒါပေမယ့် မြန်မာ့ဓလေ့ထုံးစံအရ ချစ်ခင်တွယ်တာမှု စာနာထောက်ထားမှု ကျေးဇူးသိတတ်မှု နဲ့ သက် ကြီးရွယ်အိုတွေကို တန်ဖိုးထားတတ်မှုတွေ လျော့နည်းလာကြတယ်။ အခုနောက်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စတဲ့ ပရဟိတလုပ်တဲ့လူငယ်အဖွဲ့လေးတွေကို တွေ့လာရ တာ ကျေးဇူးတင်စရာ သိပ်ကောင်းတယ်”ဟု ဒေါ်သန်းမြင့်အောင်က ပြောပြသည်။
ဆက်လက်ပြီး“ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ”နှင့် ပတ်သက်၍ သူက “ကိုယ်တွေအဖွဲ့ကသာ မခေါ်ရင် နောက် ၃ ရက်လောက်နေရင် ဆုံးပါးသွားနိုင်တယ်ဆိုတဲ့ ဘိုးဘွားမျိုးတွေက အမတို့လက်ထဲမှာ၂ နှစ် ၃ နှစ် အသက်ရှင်နေတာ။ ဒါ ဟာ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့သက်တမ်းကို အေးအေးချမ်းချမ်းနဲ့ ရှည်ကြာစေချင်တဲ့ စေတနာပါ။ တနည်းအားဖြင့် အသက်ကယ်တဲ့အလုပ်ပဲလေ။
စိတ်ဒဏ်ရာတွေပါလာတဲ့ဘိုးဘွားတွေ သူငယ်ပြန်နေတဲ့ဘိုးဘွားတွေလည်း အများကြီးတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို ပြန်ရန်လုပ်နေတဲ့ ဘိုးဘွားတွေကို ကြည့်ရတာ ပီတိတွေဖြစ်ပြီး ကလေးဆိုးကြီးတွေလိုပဲ သူတို့ဘာလုပ်လုပ် ကိုယ့် အတွက်ပီတိဖြစ်စရာကိုဖြစ်နေတာပဲ။ သူတို့ စိတ်မချမ်းသာရင်စိတ်ညစ်ရတယ်၊ ဘိုးဘွားတွေ ပျော်ရွှင်ရင် အမတို့က ပျော်ရ တာပဲ သူတို့က အမတို့ရဲ့ ကြေးမုံပဲ။ သူတို့ပျော်ရင် ပျော်၊ စိတ်ဓာတ်ကျလာရင် ကိုယ်တိုင်လည်း စိတ်ဓာတ်ကျရတာပါပဲ ” ဟု ဆိုသည်။
ဖုန်မှုန့်ကင်းစင်ပြီး လေထုက အစ သပ်ရပ်သန့်ရှင်းနေသည့် ဘိုးဘွားများနေထိုင်ရာ အခန်းများ၊ အလွန်အမင်း နာမကျန်း ဖြစ်နေသူများအတွက် သီးသန့်ခန်းများ၊ ဘိုးဘွားများကို ဂရုတစိုက်ဖြင့် ဗာဟီရအလုပ် များလုပ်ဆောင် ပေးနေသည့် ဆေး အဖွဲ့ဝန်ထမ်းများ၊ သူနာပြုများနှင့် ဆရာဝန်များ မိသားစုသဖွယ် ချစ်ခင်ကြသည့် ဆည်းဆာရိပ် အမှုဆောင်များကိုလည်း “ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ”တွင် တွေ့ခဲ့ရသည်။
သူကြိုက်နှစ်သက်သည့် အစားအသောက်ကို မရမနေ ပူဆာပြီး နှစ်သက်ရာ အရောင်အသွေးတမျိုးတည်းကိုသာ ဝတ်ဆင် မည်ဆိုသည့် အဘွားတဦးအတွက် အလိုလိုက်ထားရသည့် မြင်ကွင်းမျိုးကိုလည်းတွေ့ခဲ့ရသည်။
“အခုဆို ကျမတို့ဂေဟာမှာ သာမန်ဘိုးဘွားတွေအပြင် အငြိမ်းစားပြည်သူ့ရဲအရာရှိကြီးတွေ၊ အထက်တန်းပြ ဆရာမ ကြီးတွေ ဌာနဆိုင်ရာအရာရှိဟောင်းတွေရှိတယ်။ အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး သက်ပြည့်ပင်စင်ယူခဲ့တဲ့ အရာရှိအရာခံကြီးတွေ ဝန်ထမ်းတွေ အိုမင်းမစွမ်းဖြစ်လာလို့ ခိုကိုးရာမဲ့လာရင် အဲလိုလူတွေအတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေ လုပ်ပေးနိုင်ရင်ကောင်းမယ်” သူက အကြံပြုထောက်ပြသည်။
သူသည် အကြောင်းအမျိုးမျိုးကြောင့် ပရဟိတလုပ်ငန်းကို ကိုယ်တိုင် လုပ်ဆောင်ရန် အခြေအနေမပေးသည့်သူများ အတွက် လှူချင်သည့်သူနှင့် အလှူခံသူအကြား အကျိုးတော်ဆောင်တဦးအဖြစ် ခံယူထားသူဖြစ်ကြောင်း သူ၏ ပြော စကားများက သက်သေပြနေသည်။
“ပရဟိတလုပ်ငန်းတွေ လုပ်နေရတာကိုက ကျမအတွက် စိတ်ကျေနပ်စရာပါပဲ”ဟုလည်း ဒေါ်သန်းမြင့်အောင် က ပြော သည်။
သူက “လူတော်တော်များများကတော့ ပရဟိတစိတ်ဓာတ်ရှိပေမယ့် အခြေအနေမပေးတော့ မလုပ်ဖြစ်ကြဘူး။ အဲလိုဆို တော့ လုပ်ဖြစ်နေတဲ့အမတို့ကိုကြည့်ပြီး ပရဟိတသမားကြီးတွေလို့ ကြည့်စရာမလိုပါဘူး။ အမတို့က လုပ်ခွင့်ရလို့လုပ်နေ တာကိုး။ လုပ်ခွင့်မရ လို့ဆိုပြီးတော့ စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ့်ဘေးမှာရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေကို တဦးတယောက် ဖြစ်ဖြစ် တကြိမ်တခါလောက်ဖြစ်ဖြစ် ကူညီနိုင်တဲ့အတိုင်းအတာအထိ ကူညီလိုက်တာကလည်း အဲဒါပရဟိတသမားပါပဲ ငွေကြေးနဲ့မှ မဟုတ်ပါဘူး ကိုယ့်ရဲ့အကြံဥာဏ်၊ ကြင်နာမှု၊ နွေးထွေးမှု တစုံတရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင် သူဟာလည်း ပရဟိတသမားပါပဲ” ဟု ရှင်းပြသည်။
လူအများစု အကျိုးအတွက် ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် ဒေါ်သန်းမြင့်အောင်ကဲ့သို့ ပုဂ္ဂိုလ်များကို အာဏာ ပိုင်များက သံသယမျက်လုံးများဖြင့် စောင့်ကြည့်ခြင်းများ ကာလရှည်ကြာရှိခဲ့သည်ဟုလည်း သိရသည်။ ထိုကိစ္စများသည် စစ်အစိုးရလက်ထက်ကဖြစ်ပြီး ထိုအချိန်အခါက ပရဟိတအဖွဲ့များ၏ စည်းလုံးညီညွတ်မှုများနှင့် လုပ်ဆောင်ချက်များအား ကောင်းလာချိန်တွင် သံသယမျက်လုံးများဖြင့် စောင့်ကြည့်ခဲ့ခြင်းကို ခံခဲ့ကြရသည်။
“ အနှောင့်အယှက်ဖြစ်ရတာပေါ့ ဒါတွေကိုကျော်ဖြတ်ဖို့ကတော့ ကိုယ့်ရဲ့စည်းလုံးညီညွှတ်မှု၊ ဖြောင့်မတ်တဲ့ ကိုယ်ကျင့် တရား၊ မှန်ကန်တဲ့လုပ်ရပ်တွေနဲ့ ကျော်ဖြတ်ရတယ်။ လတ်တလောတော့ အနှောင့်အယှက် မရှိဘူး။ ၂၀၁၀ ရှေ့ပိုင်းမှာ တော့အများကြီးရှိခဲ့တယ်။ အမတို့ကခံယူထားတာက အစိုးရ ပိုင်းကအားပေးထောက်ခံတာထက် အမတို့ လုပ်နေတဲ့ အလုပ်ပေါ်မှာ ဒါဟာအများအတွက်လုပ်နေပါလား ငါတို့လုပ်ရမယ့်အလုပ်ကို ဝိုင်းဝန်းကူညီနေပါလား လို့သံသယ ကင်း ကင်းနဲ့ အနှောင့်ယှက်မပြုဘူးဆိုရင်ကို အားပေးထောက်ခံတယ်လို့ အမတို့ယူဆတယ်” ဟု သူ့အမြင်ကို ပွင့်ပွင့်လင်း လင်းပြောပြသည်။
သူ လှုပ်ရှားဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းများစွာအတွက် လူတိုင်းက စေတနာ မေတ္တာကြီးမားပြီး သတ္တိရှိသည့် ပရဟိတသမားတယောက်အဖြစ် သူ့ကို ချစ်ခင်လေးစားကြသည်။ စာပေအသိုင်းအဝိုင်းကလည်း “စာရေးဆရာ ပရဟိတ သမား”တဦးအဖြစ် သူ့ကို တန်ဖိုးထား အားကိုးကြသည်။
“စာရေးသူဆိုတော့ ကိုယ်ကြုံတွေ့ရတာကို စာမျက်နှာပေါ်တင်ဖြစ်တယ်၊ တခါတလေ မတင်ဖြစ်ပေမယ့် ပြောပြဖြစ်တယ်။ အဲဒီအခါမှာ စာရေးဆရာ ကဗျာဆရာတွေ အယ်ဒီတာတွေက ကိုယ့်ခံစားချက်ကို ဝိုင်းဝန်းအကောင်အထည် ဖော်ပေးကြ တယ်။ စာဖတ်သူတွေနဲ့ ဝါသနာတူ သူငယ်ချင်းတွေကလည်း ကျမကို ဝိုင်းပြီးကူကြတယ်။ သူတို့အားလုံးရဲ့ကျေးဇူးကြောင့် ကျမ ဒီဘဝရောက်ခဲ့တာပါ။ ကျမလုပ်တဲ့ ပရဟိတအလုပ်တိုင်းကို ငွေအား၊ လူအား ပညာအားနဲ့ ပါဝင်ကြတဲ့သူတွေနဲ့ အလှူရှင်တွေကြောင့် လူမှုဒုက္ခတွေကို ကယ်တင်နိုင်ခဲ့တာပါ”ဟု သူက ဆိုသည်။
စာအရေးအသားကောင်းမွန်သော်လည်း ပရဟိတ လုပ်ငန်းများဖြင့် အမြဲတစေ အလုပ်များနေတတ်သည့်သူ့ကို စာအရေး အသားနည်းသွားမည်ကို စာပေမိတ်ဆွေများကလည်း စိုးရိမ်ပုံရသည်။ ထို့ကြောင့် စာပေဝိုင်းတော်သားမိတ်ဆွေများ က လည်း စာပေများ ပုံမှန်ရေးရန် တိုက်တွန်းနေကြကြောင်း ဆရာမဒေါ်သန်းမြင့်အောင် ရေးသားသည့် ဝတ္ထုတိုများတွင် ဖတ် ရှု ရသည်။
လူမှုဘဝဝန်းကျင်အခြေအနေများ၊ လူနေမှုစရိုက်များ၊ သူဖြတ်သန်းခဲ့ရာဘဝတလျှောက် အတွေ့အကြုံများ၊ ပရဟိတ လုပ် ငန်းအတွေ့အကြုံများစွာကို သူရေးသားသည့် ဝတ္ထုတိုများစွာတွင် တွေ့ရှိရမည်ဖြစ်သည်။ သူရေးသားလိုက်သည့် ဝတ္ထုတို များစွာကို ဖတ်ရှုမိပါကလည်း ရင်ထဲတွင် တခုခု ကျန်ခဲ့လေ့ရှိသည်ဟု စာဖတ်ပရိသတ်များက ပြောလေ့ရှိသည်။
ပရဟိတသမား၊ စာရေးဆရာမတဦးလည်းဖြစ်သည့် ဒေါ်သန်းမြင့်အောင်သည် သူလုပ်ဆောင်ရာ နယ်ပယ်တိုင်းတွင် အမျိုး သားများနှင့်ရင်ဘောင်တန်း အလုပ်လုပ်နေသူလည်းဖြစ်သည်။ အမျိုးသားများကို လေးစားသလို အမျိုးသမီးများ၏စွမ်းရည် ကိုလည်း မြှင့်တင်စေလိုသည့်ဆန္ဒ သူ့မှာရှိသည်။
သူက “အမျိုးသမီးတွေကလည်း ပိုပြီးကြိုးစားရမယ်။ အစွမ်းအစ မရှိဘူးဆိုတဲ့သတ်မှတ်ချက်မျိုး မြန်မာ့လူ့အဖွဲ့အစည်းမှာ မရှိအောင် လုပ်ရမယ်။ လူသားဆိုတဲ့သတ်မှတ်ချက်မှာ ဇီဝကမ္မကြောင့် အင်အားဗလချင်း မယှဉ်နိုင်ပေမယ့် အတွေးအခေါ် နဲ့ ပညာရပ်မှာ ကြိုးစားနိုင်တာချင်း အတူတူပဲ။ အမျိုးသမီးတွေက နိမ့်ကျတယ်ဆိုတာမျိုးကို အမတို့လုံးဝ လက်မခံနိုင်ဘူး” ဟု သုံးသပ်ပြောဆိုသည်။
စာပေရေးသားမှုများ၊ ပရဟိတလုပ်ငန်းများကြောင့် အလုပ်များတတ်သည့် သူသည် မိသားစုအတွက် အချိန်ပေးဖို့အတွက် လည်း ကြိုးစားရသည်။ “မြေးလေးတွေနဲ့ကတော့ အိပ်ချိန်ပဲ တွေ့ရတာ။ သူတို့က ကိုယ့်ကို ချစ်ကြတော့ အနားမှာ လာ အိပ်မယ်။ မနက်ထချိန်ရောက်ရင် မထနဲ့ဆိုပြီး ဖက်ထားမယ်။ ဒီလိုလေးပဲ အချိန်ပေးရတယ်”ဟု ဒေါ်သန်းမြင့်အောင် က ဆိုသည်။
မည်ကဲ့သို့သော အကြောင်းအရင်းများရှိသည်ဖြစ်စေ ဒေါ်သန်းမြင့်အောင်သည် အသက်ရှင်ပြီး ကျန်းမာနေသရွေ့ သူ ဝါသနာပါရာ စာပေရေးသားခြင်း၊ ပရဟိတလုပ်ငန်းများစွာဖြင့် အများအကျိုးကို စိတ်ရောကိုယ်ပါနစ်၍ ဆောင်ရွက်ခြင်း များဖြင့်ပင် ဘဝကို ဖြတ်သန်းသွားမည့်ယုံကြည်မှုဖြင့် ရပ်တည်ရှင်သန်နေသည့်“ စာရေးဆရာ ပရဟိတသမား ”တဦးပင် ဖြစ်သည်။
No comments:
Post a Comment