Wednesday, September 16, 2015

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး မူကို သမ္မတ သဘောတူ

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်


နေပြည်တော် တွင် ကျင်းပ ခဲ့သည့် သမ္မတ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မှ ထိပ်သီး ခေါင်း ဆောင်များ ဆွေးနွေး မှုမှ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် အားလုံး ပါဝင်ရေး မူကို အစိုးရဘက်မှ သဘော တူလိုက် ပြီဖြစ်ကြောင်း သိရသည် ။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် ပါဝင်မည့် အဖွဲ့များ ( သို့မဟုတ်) ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်ခွင့် မူနှင့် ပတ်သက်၍ သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင် ၉ ဦးတို့သည် စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြပြီး အားလုံး ပါဝင်နိုင်ရေး အတွက် အဆင့်ဆင့် ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည် ။

" အားလုံး ပါဝင်ရေးမူနဲ့ ပတ်သက်လို့ အဆင့်အလိုက် သွားမယ် ။ လက်မှတ် ထိုးဖို့က ၁၅ ဖွဲ့ပဲ လက်ခံမယ် ။ AA နဲ့ TNLA ကို ထပ်ညှိမယ် ၊ တအာင်း TNLA က တဖွဲ့ချင်းစီ ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရောက်အောင် လုပ်ပေးမယ် ။ ကျန်သုံးဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲမှ လာမယ် ။ ကိုးကန့် ကတော့ သမ္မတက သီးသန့် ဆွေးနွေးမယ် ။ အားလုံးကို အနိမ့်ဆုံး နိုင်ငံရေး ဆွေးနွေးမှုမှာ ပါဝင်ခွင့် ရအောင် ဆွဲခေါ်သွားဖို့ ရှိနေတယ် " ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NCCT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး ဗဟိုညှိနှိုင်းမှု အဖွဲ့မှ ဖဒိုစောကွယ် ထူးဝင်းက ပြောသည် ။

ယခု ဆွေးနွေးပွဲ မတိုင်မှီ အထိ အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် အဖွဲ့ ၁၅ ဖွဲ့သာ ပါဝင်ရန် အစိုးရ ဘက်မှ လက်ခံထားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ၂၁ ဖွဲ့ အထိ ရှိနေသည် ။ လက်မှတ်ရေးထိုးရာ တွင် ပါဝင်ခွင့် မရှိသည့် ၆ ဖွဲ့မှာ AA ရက္ခိုင့် တပ်မတော် ၊ ကိုးကန့် MNDAA ၊ တအာင်း ပလောင် အမျိုးသား တပ်မတော် TNLA ၊ ၀ WNO ၊ လားဟူ LDU ၊ရခိုင် ANC စသည့် အဖွဲ့များဖြစ်သည် ။

" ကိုးကန့်ကိုတော့ လက်မခံ သေးဘူး ။ ဒါပေမဲ့ အားလုံး ပါဝင်ရေးမူကို လက်ခံထားပြီ ဖြစ်တဲ့အတွက် သမ္မတ ရုံး အစီစဉ်နဲ့ သီးခြား ညှိနှိုင်း ပေးသွားဖို့ ရှိနေတယ် " ဟု သမ္မတရုံး တာဝန်ရှိသူက ပြောသည် ။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး ပြုလုပ်ရာတွင် ပါဝင်ရမည့် အဖွဲ့များအဖြစ် KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP / SSA ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၊ UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား NDAA ၊ ကရင် အမျိုးသား အစည်းအရုံး KNU ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNUPC ၊ DKBA ကလိုထူးဘော ၊ မွန်ပြည်သစ် ပါတီ MNSP ၊ ကျောင်း သား တပ်ဖွဲ့ ABSDF ၊ ချင်း CNF ၊ ရခိုင် လွတ်မြောက်ရေး ပါတီ ALP ၊ NSCN - K နာဂ စသည့် အဖွဲ့များမှာ ပါဝင် လက်မှတ် ရေးထိုးရမည်ဟု အစိုးရဘက်မှ သတ်မှတ် ထားပါသည် ။

MNDAA ကိုးကန့်အဖွဲ့နှင့် ပတ်သက်၍မူ သမ္မတရုံးမှ တိုက်ရိုက် ညှိနှိုင်းမည်ဟု သိရပြီး လေ့လာသူ အချို့ကမူ လက်နက်ချမှ နိုင်ငံရေး ဆွေးနွေးပွဲ ပေးတက်မည့် အနေထား ဖြစ်နိုင်သည်ဟု ခန့်မှန်းကြ သည် ။ လက်မှတ် ရေးထိုးရန် အတွက် အစိုးရဘက်မှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ရန် ကမ်းလှမ်းခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ အောက်တိုဘာလ ဒုတိယ အပတ်တွင် မှ ပြုလုပ်ရန် တင်ပြထားကြောင်း ဆွေးနွေးမှု အပြီးပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုချက် အရ သိရသည် ။ ပါဝင် လက်မှတ် ရေးထိုးရန် အတွက်မူ တဖွဲ့ချင်းစီ အလိုက်ဆုံးဖြတ်ရ မည်ဖြစ် ကြောင်း လည်း ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းရာ တွင် ပြောဆိုသည် ။

UWSA ၀ တပ်ဖွဲ့မှ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရာတွင် ပါဝင် လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန် ကြေငြာထားသည် ။

No comments: