ဖြိုးဝေအောင်
ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု စာရင်းချုပ်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ပယ်ဖျက်ခံရသည်ဟု ပြည်နယ် ကော်မရှင်မှ သြဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဖြိုးဝေအောင်သည် သတ်မှတ်ထားသည့် အသက်မပြည့်သေးသည့်အတွက် ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
ကျန်တစ်ဦးမှာ ကယန်းအမျိုးသားပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးလွှီးဇီငြိမ်း(ခ)ခွန်းဘီထူးသည် မြန်မာနိုင်ငံတွင်းတွင် ၁၀ တစ်ဆက်တည်းမရှိသည့်အတွက် ကိုယ်စားလှယ်လောင်းမှ ပယ်ချခံလိုက်ရကြောင်းသိရပါသည်။
“ကျနော်တို့ ကယန်းအမျိုးသားပါတီကနေ ၀င်ရွေးတာပေါ့နော်။ ၀င်ရွေးတော့ သြဂုတ်လ (၁၄)ရက်နေ့မှာ သွားတင်တယ်။ သွားတင်ပြီးတော့ (၂၅)ရက်နေ့ မှာ ခရိုင်ရုံးကနေ လူချင်းတွေ့ပြီးမှ စစ်တော့ ခရိုင်ရုံးကနေ ကြားနာ စစ်ဆေးတဲ့အချိန်မှာ ကျနော့်ကို ပယ်လိုက်တာပေါ့။ သူတို့ပြောတာက ကျနော်က မြန်မာပြည်ထဲမှာ ရွေးကောက်ပွဲ မတိုင်ခင်မှာ (၁၀)နှစ် တစ်စွန်းတစ်စ ထဲမနေဘူးပေါ့။” ဟ ခွန်းဘီထူးက ပြောသည်။
ဦးလွှီးဇီငြိမ်း(ခ)ခွန်းဘီထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအရေး ဆန္ဒမဲကန့်ကွက်မှုပြုလုပ်ခဲ့သည့် အတွက် ၂၀၀၈ ခုနှစ်တွင် အကျဉ်းကျခံခဲ့ရဖူးပြီး ၎င်းအချိန်တွင် ထွက်ဆိုခဲ့သည့် မှတ်တမ်းအရ မိမိသည် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခဲ့သည်ဟု ပါရှိခဲ့သည့်အချက်အရ ပြန်လည်စွပ်စွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ခွန်းဘီထူးက ပြည်တွင်းတွင် ၁၀ နှစ်အပြည့်နေထိုင်သည့်သူမဟုတ်သည့်အပြင် တရားမဝင် နယ်စပ်ဖြတ်ကျောသည့်အတွက် ပယ်ချခံရခြင်းဖြစ်သည်။
သို့သော် ထိုအချိန်က ထွက်ဆိုချက်နှင့်ပတ်သက်၍ ခွန်းဘီထူးက “ဒါမဲ့ ထောင်က ထွက်ဆိုထားတဲ့ဟာ က မမှန်ဘူး ။ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံကို တရားဝင် ပတ်စပို့နဲ့သွားတာ။ ၂၀၀၇ မှာ ပတ်စပို့လျှောက်ပြီးမှ ကျနော် တရားဝင်သွားတယ်။” ဟု ပြောသည်။
ခွန်းဘီထူးသည် ၂၀၀၈ ခုနှစ်တွင် ပြစ်မှု (၆)ခုဖြင့် (၃၇)နှစ် ချမှတ်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။
ထိုကဲ့သို့ ပါတီတွင် လူငယ်တစ်ဦးအား ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးအား ကောက်ပွဲကော်မရှင်က ထိုကဲ့သို့ စီစစ်ခြင်းသည် လွန်ကဲနေကြောင်း ကယန်းအမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဦးနန်းရီ ကပြောသည်။
ဦးနန်းရီက “ အားလုံးပြန်သုံးသပ်ကြည့်ရင် လူတယောက်ကို အရေးယူချင်တော့ အကြောင်းပြချက်တည့်တည့် ပဲ ဖြစ်တဲ့သဘောပါ။” ဟု ပြောသည်။
လက်ရှိတွင် အယူခံဝင်ရန် မဖြစ်နိုင်သော်လည်း ပြည်ထောင်စုကော်မရှင်ကိုတိုင်စာပေးပို့ခြင်း၊ အမှုဟောင်းများ ထွက်ဆိုခြင်းကို ကော်မရှင်ရုံးကိုတိုင်ကြားခြင်း၊ ဖွဲ့စည်းပုံအခွန်ရုံးကို မေးမြန်းခြင်း ၊ကယားပြည်နယ်မှ ဥပဒေအရာရှိများကသာ ဥပဒေကို လက်တလုံးခြား လုပ်ထားခြင်းလား စသဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းခွန်းဘီထူးကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်အသီးသီးသို့ အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၂၂၇ ဦးရှိပြီး သြဂုတ်လ ၃၁ ရက်နေ့ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်အရ ပယ်ဖျက်ခံရသူ ၂ ဦး ရှိသည့်တွက် စုစုပေါင်း ၂၂၅ ဦးသာ ကျန်ရှိသည်။

No comments:
Post a Comment