Wednesday, September 16, 2015

ရာဇ၀တ်မှုတွေ ဘာကြောင့် များပြားလာရတာလဲ

ခင်ဦးသာ

မန်မာနိုင်ငံ တ၀န်း မြို့ပေါ်ရောကျေးလက်ဒေသ၌ပါ ရာဇဝတ်မှု ဖြစ်ပွားမှုများတိုးလာသည်ကိုတွေ့ရသည်။ ရန်ကုန်မြို့ပေါ်၌ပင်နေ့ခင်းကြောင်တောင် လက်ရဲဇက်ရဲတိုက်ခိုက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားနေသည်။

ရန်ကုန်မြို့လယ်ကောင်၌ အုပ်စုဖွဲ့ လုယက်မှု ဖြစ်စဉ်ကို သြဂုတ်လဆန်းပိုင်းမှာပင် ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။ လူသိများသည့် လုယက်မှုတခုမှာ လမ်းမတော်မြို့နယ်ရှိ Farmer Money Change နိုင်ငံခြားငွေကောင်တာ၌ သြဂုတ်လ ၃ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့်အမှုဖြစ်သည်။

လူ ၄ ဦး သည် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး၊ ငွေသိမ်း တာဝန်ခံ အမျိုးသားအား ၀ိုင်းရိုက်၍ ငွေကျပ် သိန်း ၃၅၀ ခန့်ပါ အထုပ်ကို ယူဆောင်ကာ ၎င်းတို့ အသင့်ယူဆောင်လာသည့် မော်တော်ကား ပေါ်တက်၍ မောင်းနှင်ထွက်ပြေး သွားကြောင်း ရဲတပ်ဖွဲ့ စာမျက်နှာ၌ ဖော်ပြထားသည်။ အရိုက်ခံ ရသူသည်လည်း ဦးခေါင်း၌ ဒဏ်ရာ ရရှိသွားခဲ့သည်ဟုဆိုသည်။

ထို့အတူ မရမ်းကုန်းမြို့နယ်တွင်လည်း သြဂုတ်လ ၂ ရက်နေ့ ညက အမျိုးသားတဦး လမ်းလျှောက်သွားနေစဉ် လူ ၁၂ ဦး ခန့်သည် အငှားယာဉ်တစီး၊ ဆိုင်ကယ် ၅ စီးတို့ဖြင့် ရောက်လာပြီး ငွေတသိန်း ပေးရမည်ဟု ပြောဆိုရာ ၇ သောင်းကျပ်သာ ပါသည်ဟု ထိုအမျိုးသားက ပြန်ပြော၍ ဓားဖြင့် ခြိမ်းခြောက် ရန်ပြုမှုတခုဖြစ်ပွားခဲ့သည်။


ထိုလူအုပ်စုကို ဘုရင့်နောင်တွင် အချိန်တိုအတွင်း ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒု ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ် က ဧရာဝတီကို ပြောသည်။

ရဲမှူးကြီး ၀င်းဗိုလ်က “ရန်ကုန်က တခြားနယ်မြေတွေနဲ့မတူဘူး၊ လူဦးရေ ထူထပ်များပြားတဲ့အတွက် ကျနော်တို့မှာ ရှိတဲ့ ရဲအင်အားနဲ့ ထိန်းဖို့ခက်တယ်၊ လူ ၁၂၀၀ ကျော်လောက်ကို ရဲဝန်ထမ်း တယောက်က ထိန်းနေရတဲ့ အခြေအနေပါ၊ ရာဇ၀တ်မှုတွေ လျော့ကျဖို့ အတွက်လည်းပဲ ပြည်သူတွေကပါ ပါဝင်ပူးပေါင်းဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။

ရာဇ၀တ်မှု များပြားလာခြင်းသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လည်း တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများသည် ထပ်မံ၍ ရာဇာဝတ်မှု ကျူးလွန်နေသည်ကို တွေ့ရ ကြောင်း လူအများက ဝေဖန် ထောက်ပြနေကြသည်။ ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူ တဦးသည် ပြန်လည် လွတ်မြောက်လာပြီး နောက်နေ့တွင် ဆိုင်ကယ်ခိုးမှုဖြင့် ထပ်မံ အဖမ်းခံရကြောင်း ရဲတပ်ဖွဲ့ စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ရာဇ၀တ်မှု ကျူးလွန်သော်လည်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် မျှော်လင့်ချက်ရှိနေသည့်အတွက် ပြစ်မှု ထပ်မံကျူးလွန်ရန် ၀န်မလေးတတ်ကြတော့ကြောင်း လူ့အခွင့်အရေး အမှုများနှင့်ပတ်သက်၍ လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရောဘတ် စန်းအောင်က ဧရာဝတီကို ပြောသည်။

၎င်းက“ဒုစရိုက်သမားတွေရဲ့ စိတ်ထဲမှာ ငါတို့ထောင်ကျရင်လည်းပဲ လွတ်ငြိမ်းချမ်းသာခွင့် မီမှာပဲ၊ ဒီတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေသာ မဖြစ်စေနဲ့၊ ကျန်တာတွေ ကျူးလွန်လို့ရတယ်ဆိုတဲ့ အတွေးအမြင်မျိုး သူတို့ဆီမှာ ၀င်သွားကြတယ်” ဟု ဆိုသည်။

ရာဇ၀တ်မှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးတဦးအား သွားရောက် ဖမ်းဆီးသည့် ရဲအုပ်တဦးနှင့် ရဲတပ်ကြပ်တဦးတို့သည် သန်လျှင်မြို့နယ်၌ စက်တင်ဘာလ ၂ ရက်နေ့က အသတ်ခံလိုက်ရသည်။ တရားခံပြေးသည် သန်လျှင်မြို့နယ်ရှိ တည်းခိုခန်းတခုတွင် တည်းခိုနေစဉ် သွားရောက်ဖမ်းဆီးရာ တရားခံပြေးက အသင့်ဆောင်ထားသည့် ဓားဖြင့် ရဲနှစ်ဦးအား ပြန်လည် ခုခံ၍ ထိုးသတ်ခဲ့သည်။

ရာဇ၀တ်သားအား သွားရောက်ဖမ်းဆီးသည့် ရဲဝန်ထမ်းများ၌ ပြန်လည် ခုခံနိုင်မည့် လက်နက်ကိရိယာ အပြည့်အစုံ မပါရှိဟု သိရသည်။ ရဲနှစ်ဦးအား သတ်သည့် တရားခံပြေး တင်မြင့်သည် သန်လျှင်၊ သာကေတ စသည့် မြို့နယ်များ၌ လုယက်မှု၊ ခိုးမှု၊ တိုက်ခိုက်မှု စသည့် ဒုစရိုက်မှုများ ကျူးလွန်ပြီး ထွက်ပြေးနေသူ ဖြစ်ကြောင်း သိရသည်။

ကျီးလန့်စာ စားဖြစ်နေရသည့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ်ရန် ရဲတပ်ဖွဲ့ အင်အား အပြည့်အ၀ အသုံးမပြုနိုင်သော်လည်း ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အသိမ်းခံထားရသည့် မိမိတို့ လယ်မြေများအား ပြန်လည် ရရှိရန် ဆန္ဒဖော်ထုတ်သည့် လယ်သမားများနှင့် ပတ်သက်၍ ဖြေရှင်းရာတွင်မူ ရဲတပ်ဖွဲ့ အင်အား အလွန်အကျွံအသုံးပြုလေ့ရှိသည်။ ထိုလုပ်ရပ်သည်လည်း ရဲတပ်ဖွဲ့အပေါ် ပြည်သူများ၏ အမြင် မကြည်လင်မှုကို ဖြစ်စေသည်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က“ဥပမာ- သာယာဝတီမှာ ကျောင်းသားတွေကို ရုံးထုတ်တဲ့အခါ ကျောင်းသားနဲ့ ၀န်းရံသူ ၆၀ လောက်ကို ရဲတပ် ဖွဲ့က ၃၀၀ လောက်နဲ့ဝိုင်းထားတယ်၊ ကမာရွတ်မှာ ပိန်ပိန်နွဲ့နွဲ မိန်းကလေး တယောက်နဲ့ခါးနာနေတဲ့ အမျိုးသားတယောက်ကို ရုံးထုတ်တာ ရဲအင်အား ၃၀ လောက်က ၀ိုင်းရံထားတယ်၊ ဒါတွေဟာ မဖြစ်သင့်ဘူး၊ ရဲတပ်ဖွဲ့ကိုလည်း အများပြည်သူက မကြည်လင်ဖြစ်စေတာပေါ့”ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဒုစရိုက်သမားများအား နှိမ်နင်း ဖမ်းဆီးရာတွင် မိမိတို့အား တိုက်ခိုက်ပါက ပြန်လည် ခုခံနိုင်ရန် ခေတ်မီသည့် လက်နက် ကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများ ပေးထားရန်လည်းလိုအပ်သည်ဟုထောက်ပြမှုများရှိသည်။ သို့သော် မြန်မာနိုင်ငံ တ၀န်းရှိ ရဲဝန်ထမ်း အများစုသည် ကောင်းမွန်သည့် လက်နက်နှင့်အသုံးအဆောင် ပစ္စည်းများကို ကိုင်ဆောင်နိုင်ခွင့် မရှိကြသေးပေ။

ရှေ့နေ ဦးရောဘတ်စန်းအောင်က“ဒုစရိုက်သမားတွေကို ဖမ်းမယ့်ရဲတွေကို လက်နက် တပ်ဆင်ပေးထားသင့်တယ်၊ သန်လျှင်မှာ အသတ်ခံလိုက်ရတဲ့ ရဲတွေဟာလည်းပဲ ပြန်လည်ခုခံခွင့်မရခဲ့ဘူး၊ လူဆိုး၊ ဒုစရိုက်သမားတွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဒုစရိုက် အလုပ် လုပ်နေချိန်မှာ ရဲတွေက စက်ဘီးအစုတ်လေးနဲ့လိုက်ဖမ်းနေလို့ ဘယ်လိုလုပ်ပြီး ရမှာလဲ”ဟု ဆိုသည်။

ဒုစရိုက်သမားများအား နှိမ်နင်းခြင်း၊ ရာဇ၀တ်မှုများ လျှော့ချရေး လုပ်ငန်းများအောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ရဲများအား ဆိုင်ကယ်စီးခွင့် ပေးခြင်း၊ ရဲတဦးလျှင် ကောင်းမွန်သည့် လက်ထိပ် ၂ ခု၊ သေနတ် တလက်၊ နံပါတ်တုတ် စသည့် အသုံးအဆောင်များအား အသုံးပြုခွင့် ပေးထားသင့်သည့်အပြင် လွတ်လပ်သည့် အဖွဲ့အစည်း တရပ်အနေဖြင့် ရပ်တည်ခွင့်ပေးရန်လည်း လိုအပ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
ရဲတပ်ဖွဲ့ အနေဖြင့် ရာဇ၀တ်မှုများ လျော့ကျရေး အတွက် အသိပညာပေး ဟောပြောမှုများကို ဆောင်ရွက်နေကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နှင့်အတူ ပြည်သူများကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့်လည်း ပြည်သူကို ဗဟိုပြုသည့် ရဲတပ်ဖွဲ့ ဖြစ်ရေးကို ဆောင်ရွက်နေကြောင်း ရဲမှူးကြီး ၀င်းဗိုလ် က ပြောသည်။

၎င်းက“ရာဇ၀တ်မှုတွေ လျော့ကျစေဖို့ တချို့နေရာတွေမှာ ပြည်သူတွေကို ရဲသင်တန်းပေးတာတွေရှိတယ်၊ ကျနော်တို့မှာ ရှိတဲ့ ရဲအင်အားနဲ့ဘယ်လိုမှ မလုံလောက်ဘူး၊ ဒါကြောင့် အားလုံးက ပါဝင်ပူးပေါင်းဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

ထို့အတူ ရာဇ၀တ်မှု လျော့ကျရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကိုပါ နှစ်အလိုက် စီမံချက် ချမှတ်၍ လုပ်ဆောင်နေကြောင်း၊ ကြိုတင် ကာကွယ်ရေး စီမံချက်များအရ ပုံမှန် ကင်းလှည့်၍ မူးယစ်ဆေးဝါးမှု၊ ဖောက်ခွဲရေး ပစ္စည်းများ၊ လက်နက်ပုန်း ကဲ့သို့သော ရာဇ၀တ်မှု ဖြစ်ပေါ်စေမည့် အရာများကို ကြိုတင် တားဆီးနိုင်မှုများရှိကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ်တွင် လျော့ကျသွားကြောင်း ရဲမှူးကြီး ၀င်းဗိုလ်က ဆိုသည်။
၎င်းက“ကျနော်တို့ အနေနဲ့ နယ်မြေအလိုက် ရပ်ကွက်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်၊ ဈေးဆိုင်တွေ၊ ရွှေဆိုင်တွေမှာလည်းပဲ CCTV ကင်မရာတွေ တပ်ထားဖို့၊ လုံခြုံရေးတွေ ထားဖို့အတွက် အသိအပညာပေး ဟောပြောတာတွေ လုပ်နေပါတယ်”ဟု ဆိုသည်။

ရန်ကုန်ဧရိယာ၌ ရာဇ၀တ်မှု များပြားလာရခြင်းသည် နိုင်ငံတ၀န်းမှ အလုပ်လက်မဲ့များ ရွှေ့ပြောင်း အခြေချနေ ထိုင်လာသူများပြားလာခြင်းသည်လည်း အချက်တချက် ဖြစ်သည်ဟုသိရသည်။ ၎င်းတို့သည် ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် ကျူးကျော်အိမ်များဆောက်လုပ် နေထိုင်ကာ ကြုံရာအလုပ် လုပ်ကြကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်သောကြောင့် ဖမ်းမိသူ အများစုသည် လှိုင်သာယာ၊ ရွှေပြည်သာစသည့် အရပ်များတွက် နေထိုင်သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ရဲမှူးကြီး ၀င်းဗိုလ်က“နာဂစ်နောက်ပိုင်းမှာ ရန်ကုန်ကို လူတွေပိုရောက်လာကြတယ်၊ ကျူးကျော်တွေများလာတယ်၊ တခြားဒေသတွေမှာက နေရာနဲ့အလုပ်တွေ တည်မြဲနေတော့ ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေ နည်းတာပေါ့” ဟု ဆိုသည်။

နိုင်ငံ တ၀န်းလုံး၌ ရာဇ၀တ်မှုများ ထူပြောများပြားနေသော်လည်း အစိုးရအနေဖြင့် နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်မှု မရှိသည်ကိုတွေ့ရသည်။ ရာဇ၀တ်မှု ကျူးလွန်သူ အများစုသည် လူငယ်၊ လူလတ်ပိုင်းများ ဖြစ်ပြီး ပြစ်မှုကြောင့် ထောင်ကျဖူးသူ၊ အချုပ်ကျ ဖူးသူများလည်း ပါဝင်သည်။

တချို့ဆိုလျှင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း ကောင်းမွန်သည့် အလုပ်ကို ပြန်မလုပ်ခြင်း၊ လုပ်စရာ အလုပ်ရှားပါးခြင်း စသည်တို့ကြောင့်ပင် ပြစ်မှုထပ်မံ ကျူးလွန်ကြသည်။ ဖမ်းဆီးခံလိုက်၊ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာလိုက်ဖြင့်ပင် သံသရာလည်နေကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းခံရသူ အများစုသည် ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ထားသူ အများစု ဖြစ်ကြောင်း သိရသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်၌ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခဲ့သော်လည်း နိုင်ငံရေး၊ လူ့အခွင့်အရေး စသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနည်းစုသာ ပါဝင်ကြောင်း လူ့အခွင့်အရေးသမားများ၊ နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

ပြည်သူ့ လွှတ်တော်ရှိ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က“သမ္မတက စေတနာနဲ့လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီးပေးပေမယ့် ရပ်ကွက်၊ ရပ်ရွာတွေ အတွက်တော့ ဝေဒနာ ဖြစ်သွားတာပေါ့၊ ရာဇ၀တ်မှုနဲ့လွတ်လာသူတွေက ပြန်ပြီးတော့ ရာဇ၀တ်မှု ကျူးလွန်ကြတာကော”ဟု ဆိုသည်။

ဦးဝင်းမြင့်က“ရာဇ၀တ်မှုတွေများလာတာဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ပေါ့၊ ကျနော်တို့က တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဆိုပေမယ့် အာဏာပိုင်အဖွဲ့ မဟုတ်ပါဘူး၊ ဒုစရိုက်မှုတွေ လျှော့ချဖို့ လုပ်ရာမှာက အစိုးရ အာဏာပိုင်အဖွဲ့ကပဲ အဓိက ဆောင်ရွက်ရမှာပါ၊ကျနော်တို့က လွှတ်တော်ကဖွဲ့ထားတဲ့အဖွဲ့ဆိုတော့ လေ့လာတွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကိုပဲ သက်ဆိုင်ရာကို ပေးရတာပါ”ဟု ဆိုသည်။

လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် တရားဥပဒေ စိုးမိုးရေး ကော်မတီများသည်လည်း ရာဇ၀တ်မှုများ လျှော့ချနိုင်ရေး လုပ်ငန်းများအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းပေးမှုများ လုပ်ဆောင်နေသည်ဟု ဦးဝင်းမြင့်က ပြောသည်။

No comments: