ဇော်ခမ်းဟိန်း
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်ရန် အထူးကော်မတီ ဖွဲ့စည်းရေး လုပ်နေပြီ်း ၂ လခန့်ကြာအုံးမည်ဟု တင်ဒါလျှောက်ထားသည့် MAPCO အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မဇ္ဈိမသို့ ပြောကြားသည်။
''နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ရိုလန်ဘာဂျာကုမ္ပဏီကို အကြံပေးခန့်ထားတယ်။ ရိုလန်ဘာဂျာက ကုမ္ပဏီထောင်မယ့်ကိစ္စတို့၊ ဒါရိုက်တာအဖွဲ့ ဖွဲ့မယ့်ကိစ္စတို့၊ နိုင်ငံခြားပါတနာနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတို့ လုပ်နေကြတယ်။ အခုမှ စလုပ်တော့နောက် ၂ လ လောက်ကြာအုံးမယ်။'' ဟု သိရကြောင်း ဦးရဲမင်းအောင်က ပြောသည်။
ပုဂ္ဂလိကုမ္ပဏီများကိုမခေါ်ဘဲ အရင်းအနှီးငွေ မြန်မာကျပ်ငွေ ၃ ဘီလီယံနှင့်အထက် ထည့်ထားသော အများပိုင်ကုမ္ပဏီများသာ တင်ဒါလျှောက်လွှာတင်ခွင့်ပြုခဲ့ပြီး ကျပ်ငွေ ၁၄၀၀ ဘီလီယံကျော်ရှိသည့် MAPCO ကလည်း ၀င်လျှောက်ခဲ့သည်ဟု ဦးရဲမင်းအောင်က ဆိုသည်။ Myanmar Agribusiness Public Corporation (MAPCO) သည် စိုက်ပျိုးရေးလုပ်ငန်းကိုအထူးပြုသည့် အစိုးရမဟုတ်သော အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၂ ခုတွင် ထူထောင်ခဲ့သည်ဟု ၄င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရွေးချယ်ခံရန်လျှောက်ထားသည့် မြန်မာတိုင်းရင်းသား အများပိုင် ကုမ္ပဏီ ၁၇ ခု အနက် ကုမ္ပဏီတစ်ခုကို ပြည်ပပညာရှင်များ ပါဝင်သည့် ရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်မည်ဖြစ်ပြီး ကော်မတီကိုသမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည်ဟု မြန်မာ့ဆက်သွယ်ရေး၊ စီးပွားရေးဌာန အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က မဇ္ဈိမသို့ ပြောသည်။
ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးနှင့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီ တို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ၂၀၁၄ ခု ဖေဖော်ဝါရီလအတွင်း ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့ပြီး၊ ပြည်တွင်းကုမ္ပဏီ များဖြစ်သည့် ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ကိုလည်း လုပ်ကိုင်ခွင့်ပြုထားသည်။
No comments:
Post a Comment