Saturday, September 19, 2015

ဒဏ်ငွေတိုးသဖြင့် လိုင်းမထွက်ခြင်းကို ပြည်သူတစ်ယောက်အနေဖြင့် လက်ခံနိုင်စရာမရှိဟု ဦးရဲထွဋ်ပြော

ဟိန်းကိုစိုး

ဒဏ်ငွေများတိုးမြှင့်မှုကြောင့် လိုင်းမထွက်သည့်ကားများကို ပြည်သူတစ်ယောက်အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

"သူတို့က ၁၅၀၀ ဆိုရင်တော့ ပိုက်ဆံပေးပြီးတော့မှ ကြိုက်သလောက် စည်းကမ်းဖောက်မယ်။ ပိုက်ဆံအများကြီး ရအောင်လုပ်မယ်။ သုံးသောင်းဆိုရင်တော့ မကိုက်တော့ဘူးလို့ ပြောတာကတော့ အစိုးရ အဖွဲ့ဝင်တစ်ယောက် အနေနဲ့မဟုတ်ပဲ ပြည်သူတစ်ယောက်အနေနဲ့ ဒီကိစ္စကို လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။" ဟု ၄င်းကဆိုသည်။ ယာဉ်ပိုင်ရှင်တစ်ဦးချင်း ပိုင်ဆိုင်သည့်ကားများကို အများပိုင်ကားလိုင်းအဖြစ် ထားရှိအသုံးပြုသည့်စနစ်ကို ပြောင်းလဲရမည့် အချိန်ကိုရောက်ရှိကြောင်း မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်ဟု ဦးရဲထွဋ် ကပြောသည်။

ယခင်ကကျင့်သုံးခဲ့သည့် ၁၉၆၄ ခု မော်တော်ယာဉ်ဥပဒေတွင် ယာဉ်စီးကမ်းဖောက်ဖျက်မှုများအတွက် ဒဏ်ကြေးမှာ အများဆုံး ကျပ် ၁၅၀၀ သာချမှတ်သော်လည်း စက်တင်ဘာ ၇ ရက်တွင် အသစ်ပြဌာန်း လိုက်သည့် ပုဂ္ဂလိက မော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေသစ်တွင် ဒဏ်ကြေးများကို သုံးသောင်း သို့မဟုတ် ငါးသောင်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် တစ်လထက်မပိုသောထောင်ဒဏ်သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။

ပြည်တွင်းသတင်းများတွင် လိုင်းမထွက်ပဲ သပိတ်မှောက်ဆန္ဒပြနေသဖြင့် တက္ကသိုလ် ကျောင်းများတွင် စာမေးပွဲ ဖြေဆိုရမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ကျောင်းသားများနှင့် ပြည်သူတို့ သွားလာရေး ခက်ခဲနေသည်ဟု ဖော်ပြရေးသားမှုများရှိနေသည်။ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ (မထသ) (ဗဟို) ဥက္ကဌ ဦးလှအောင်ကမူ ဒဏ်ကြေးများ၍ မကိုက်သဖြင့် မထွက်ကြခြင်းဟုသာ ပြောဆိုကြကြောင်း မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့လိုင်းတွေက ပုံမှန်နီးပါးထွက်ပါတယ်။ ဆန္ဒပြတယ်ဆိုတာတော့ မဟုတ်ပါဘူး။ သူတို့တွေက ဒဏ်ကြေးများ လို့ မကိုက်တဲ့အတွက် မထွက်ကြတာလို့ပဲ ပြောတာပါ။ မနေ့က (စက်တင်ဘာ ၁၇ ရက်) ကဆို ကားအစီးရေ ၃၉၀၀ ထိ ထွက်ပါတယ်။" ဟု ၄င်းကပြောသည်။ ရန်ကုန်တိုင်းအတွင်း၌ ကားစီးရေ ၇၀၀၀ ကျော်မှ လုပ်ငန်းလည်ပတ်မောင်းနှင်နိုင်သည့် ယာဉ်ကြီး၊ ယာဉ်လတ် စုစုပေါင်း ပေါင်း ၄၉၀၀ သည် မထသ၏ ကြီးကြပ်မှုအောက်မှ ပြေးဆွဲနေသည်ဟု ဆိုသည်။ ရွှေပြည်သာမှ ပုဇွန်တောင်မြို့နယ်သို့ အလုပ်လာရောက်လုပ်ကိုင်သူ ဦးမျိုးသူက "ရွှေပြည်သာ၊ ဆူးလေဆွဲတဲ့ လိုင်းကား တွေ မနေ့ကကော၊ ဒီနေ့ကော ၂ရက်ရှိပြီ မထွက်တာ။ အဲဒီရှေ့တစ်ရက်ကလည်း မထွက်ဘူး။" ဟု စက်တင်ဘာ ၁၈ ရက် တွင် မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၁၈ ရက်ထုတ် မြ၀တီသတင်းစာ၌မူ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများဖြစ်သည့် ၄၃၊ ၄၈၊ ၁၀၂၊ ၁၅၇၊ ၇၄၊ ၇၉၊ ၃၄၊ ၃၅၊ ၃၉၊ ၆၂ နှင့် ၆၃ လိုင်းတချို့ ရပ်နား ထားကြောင်း သိရသည်ဟု ဖော်ပြထားသည်။ မထွက်သည့်ယာဉ်များကို အရေးယူ၍မရဘဲ ထွက်သည့်ယာဉ်များကိုသာ လိုင်းမျှဆွဲပေးရန် ပြောဆိုပြီး မ-ထ-သ (ဗဟို) အနေဖြင့် အစည်းအဝေးများခေါ်ဆိုပြီး ဥပဒေပြဌာန်းချက်များကို လိုက်နာကြရန် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှုး မှူးဇော် ၏ Facebook စာမျက်နှာ၌မူ "အဝေးပြေး ယာဉ်လိုင်းတွေဖြစ်တဲ့ E-lite နဲ့ JJ တို့ ကလည်း လိုအပ်ရင် သူတို့ ယာဉ်တွေနဲ့ မြို့တွင်းကို ကူညီပြေးဆွဲပေးဖို့ တင်ပြလာကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လိုအပ်တဲ့ ယာဉ်လမ်းကြောင်းတွေမှာ 'ကပရ' ကားတွေ ဆွဲသွင်းပြီး ပြေးဆွဲပေးဖို့ ဆောင်ရွက်ထားတယ် ဆိုတာလည်း သိရပါတယ်။ တပ်မတော်ပိုင် ဘတ်စ်ကားလိုင်း ကလည်း လိုအပ်ရင် ကူညီပြေးဆွဲပေးဖို့ ရှိကြောင်းလည်း သိရှိရပါတယ်။" ဟု ရေးသားထားသည်။ မဇ္ဈိမက ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ဖုန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ယူပြန်လည်ဖြေကြားပေးနိုင်မည့်ပုဂ္ဂိုလ်နှင့် အဆက်အသွယ်မရရှိခဲ့ပေ။

No comments: