ဟိန်းကိုစိုး
မော်တော်ယာဉ်ဥပဒေကို စတင်အတည်ပြုသည့်နေ့မှစတင်ကာ ၁၀ရက် အတွင်း ရန်ကုန်တိုင်းရှိ ယာဉ်စည်းကမ်းချိုးဖောက် သည့်သဖြင့် အမှုပေါင်း ၇၉၅၃ မှုအထိ အရေးယူထားပြီးပြီဟု အမှတ်၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ စက်တင်ဘာ ၁၈ ရက်တွင် သိရသည်။
ပြည်ထောင်စုလွှတ်တော်က မော်တော်ယာဉ် ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည့် စက်တင်ဘာ ၇ ရက်မှ စက်တင်ဘာ ၁၆ အထိ ၁၀ ရက်အတွင်း အမှုစာရင်းဖြစ်သည်။ ယင်းအမှုပေါင်း ၇၉၅၃ တွင် ယာဉ်မရပ်နားရနေရာတွင် ရပ်နားသည့်အမှု ၁၂၀ နှင့် သက်မှတ်ထုတ်ပေးထားသည့် လိုင်စင်အတိုင်းမောင်းနှင်မှုမရှိသည့်အမှု ၈၇ မှုတို့ပါဝင်သည်။
"ယာဉ်စည်းကမ်းကို ချိုးဖောက်တာအများဆုံးက လိုင်းကားတွေပဲ။ အခုဒဏ်ကြေးမြှင့်လို့ မဆွဲတာ၊ မကိုက်တာတွေ ပြောနေတယ်။ ဥပဒေက စည်းကမ်းချိုးဖောက်သူကိုပဲ အရေးယူမှာ။ ၇ ရက်နေ့ကစပြီး အရေးယူတဲ့အမှုတွေက ဥပဒေပါ အတိုင်း ဒဏ်ငွေအသစ်နဲ့ဆောင်ရမှာ။" ဟု အမှတ် ၂ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကဆိုသည်။ စက်တင်ဘာလ ၇ ရက်တွင် အတည်ပြုလိုက်သည့် မော်တော်ယာဉ်ဥပဒေတွင် ယခင် ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ ပါရှိသည့် ဒဏ်ငွေ ၁၅၀၀ ကို ၃၀၀၀၀ နှင့် ၅၀၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
"ကျွန်တော်တို့က စည်းကမ်းပဲထိန်းမှာ ဒဏ်ငွေကို တရားရုံးတွေက ဆုံးဖြတ်တာပါ။ ဥပဒေမှာက သုံးသောင်း၊ ငါးသောင်း ထက်မပိုသော ဒဏ်ငွေလို့ ရေးထားတဲ့အတွက် သုံးသောင်းလုံးဝဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားပေါ်မူတည်ပြီး ကွဲပြားပါတယ်။" ဟု ဒုရဲမှူးဇော်မျိုးထွန်းက ပြောသည်။
No comments:
Post a Comment