Wednesday, September 9, 2015

သတင်းမီဒီယာကောင်စီဝင်များရွေးချယ်ရန် ဆောင်ရွက်ချက်များကို ကန့်ကွက်မှုများရှိနေ

မဇ္ဈိမ

သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်ခြင်းအတွက် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ တို့၏ ဆောင်ရွက်ချက်များကို PEN Myanmar နှင့် Eleven Media Group တို့က ကန့်ကွက်လိုက်ကြသည်။

လုပ်နည်းလုပ်ဟန်များသည် ဥပဒေနှင့် မကိုက်ညီခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြသည်။ သတင်းမီဒီယာနည်းဥပဒေ အခန်း-၃ အပိုဒ် ၁၀ (က) တွင် ပြဌာန်းထားခြင်းမရှိဘဲ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ၂ ဦးကို ရွေးချယ်ခံမည့် ကောင်စီဝင်အရေအတွက်အချိုးအစားတွင် ထည့်သွင်းထားသည်မှာ ဥပဒေနှင့် မညီဟု ထောက်ပြကြသည်။

ကောင်စီဝင်လောင်းအရေအတွက်ရွေးချယ်မှုနှင့်ပတ်သက်၍ အခန်း-၃ အပိုဒ် ၁၀ (က) တွင် "သတင်းမီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြ ဆရာများက သတ်မှတ်အချိုးအစားအတိုင်း အဆိုပြုသည့် ကိုယ်စားလှယ်များ (၁၀) ဦးမှ (၂၂) ဦး" ဟု ဖော်ပြထားသည်။ အခန်း-၃ အပိုဒ် ၁၁ (က) တွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဌများက အဆိုပြုသည့် ကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ အစုအဖွဲ့များမှ ရွေးချယ်နိုင်ရေး အတွက် အဖွဲ့နှင့်တိုင်ပင်ပြီး '၀န်ကြီးဌာနက လိုအပ်သောသတ်မှတ်ချက်များ ထုတ်ပြန်နိုင်သည်' ဟု ဖော်ပြထားချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၏ သြဇာလွှမ်းမိုးမှုအောက်တွင်သာ ဆောင်ရွက်ရသဖြင့် ပွင့်လင်းမြင်သာမှုမရှိနိုင်ဟု PEN Myanmar က သုံးသပ်ထားသည်။

နည်းဥပဒေ အခန်း (၃) အပိုဒ် ၅ (က) တွင် ကောင်စီဝင်များရွေးချယ်တင်မြှောက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ကောင်စီနှင့် ညှိနှိုင်း၍ ကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပါရှိသည်။ ပထမအကြိမ်ဖွဲ့စည်းရာ၌မူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ညှိနှိုင်း၍ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ Eleven Media Group ကလည်း အခန်း (၃) အပိုဒ် ၅ (က) ကိုထောက်ပြသည့်ပြင် ၎င်းတို့အနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) အား စတင်ဖွဲ့စည်းစဉ်က ပါဝင်ပတ်သက်ခဲ့သော်လည်း သမ္မတထံမှ သိန်း ၅၀၀ အား လက်ခံရယူပြီးချိန်တွင် စာနယ်ဇင်းကောင်စီအား လွတ်လပ်သည့် အဖွဲ့အစည်း တစ်ခုအဖြစ် ယူဆခြင်းမရှိတော့ဟု စက်တင်ဘာ ၄ ရက်က သဘောထားကြေညာသည်။

ထို့ပြင် ကောင်စီဝင်ရွေးကောက်ပွဲသည် အမှန်တကယ် လုပ်ကိုင်နေသော သတင်းမီဒီယာအများစု၊ အခက်အခဲများနှင့် လုပ်ကိုင်နေရသော သတင်းမီဒီယာများကို ကိုယ်စားပြုနိုင်သည့်သူများအား ရွေးချယ်တင်မြှောက်နိုင်ရန် အခွင့်အလမ်းနည်း ပါးနေသည်ဟု Eleven Media Group မှ ယုံကြည်နေသည်။ Eleven Media Group ၏ ကြေညာချက်နောက်ဆုံးအပိုဒ်တွင် 'အကယ်၍ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ရိုးသားမှုရှိသည်ဆိုပါက ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီနောက်ပိုင်း လွှတ်တော်သစ်တစ်ရပ် ပြန်ခေါ်ပြီးမှသာ စာနယ်ဇင်းသတင်း မီဒီယာသမားများ၏ ဆန္ဒကို ခံယူ၍ ကျင်းပသင့်ကြောင်း တိုက်တွန်းလိုပါသည်။' ဟု ဖော်ပြထားသည်။

PEN Myanmar ကမူ 'သတင်းမီဒီယာသမားများ၏ သဘောဆန္ဒမပါဝင်ခြင်း၊ ဥပဒေပါအချက်များကို မလိုက်နာခြင်း၊ သတင်းမီဒီယာဥပဒေပါပြဌာန်းချက်များသည် သတင်းမီဒီယာသမားများကို အကာအကွယ်ပေးနိုင်မှု အားနည်ခြင်းနှင့် ကောင်စီဝင်ရွေးချယ်ရေးအဖွဲ့သည် ပွင့်လင်းမြင်သာစွာ မဆောင်ရွက်နိုင်ခြင်း' တို့ကြောင့် စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်ကို ကန့်ကွက်လိုက်သည်။ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့၏ လုပ်ဆောင်ချက်များသည် 'လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်သောမီဒီယာများဖွံ့ဖြိုးရေး' အတွက် မည်သည့်အတိုင်းအတာအထိ အကာအကွယ်ပေး ဖော်ဆောင်နိုင်သည်ကို PEN Myanmar က ဆက်လက်စောင့်ကြည့်လေ့လာနေမည်ဟု စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သည်။

No comments: