သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ပြုလုပ် ရာတွင် UWSA ၀ တပ်ဖွဲ့ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးခြင်း မရှိပါက ပြည်နယ် တောင်းပိုင်ခွင့် အခွင့်အရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ခွင့် အပါဝင် အခြား အခွင့်အရေးများ ဆုံးရှုံးနိုင် သည်ဟု တပ်မတော်မှ သတိပေး လိုက်ကြောင်း သိရသည် ။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ UPWC နှင့် ၀ ပြည်သွေးစည်း ညီညွတ် ရေးပါတီ UWSP တို့မှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းသို့ ဆွေးနွေးစဉ် တပ်မတော်ဘက်မှ ကိုယ်စားလှယ် အဖြစ် တက်ရောက် လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ သတိပေးခြင်း ဖြစ်ကြောင်း ၀တပ်ဖွဲ့ တာဝန်ရှိ သူများထံမှ သိရသည် ။
" လက်မှတ် မထိုးရင် ကျနော်တို့ ၀တွေကို ပြည်နယ် တောင်းဖို့ အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ခွင့် အပါအဝင် အခြား နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးမယ်လို့ သတိပေးတယ် ။ ဒါပေမဲ့ ကျန်တော်တို့ ကလည်း ထိုးမယ် မထိုးဘူးဆိုတာ တစ်ခါ တည်း အဆုံးဖြတ် မပေးနိုင်ဘူး ။ တကယ်တော့ ကျန်တော်တို့က ၂၅ နှစ်ကျော်လုံးလုံး တချက်မှ သေနတ် မဖောက်ပဲ ငြိမ်းငြိမ်း ချမ်းချမ်း နေလာတာပဲလေ " ဟု ဆွေးနွေးပွဲ တက်ရောက် ခဲ့သည့် ၀ တပ်ဖွဲ့မှ အမည် မဖော်လိုသူ တာဝန်ရှိသူ တဦးက ပြောသည် ။
စက်တင်ဘာလ ၉ ရက်နေ့က တြိဂံ ဒေသတိုင်း စစ်ဌာန ချုပ်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသည် နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် ၀ တပ်ဖွဲ့ အနေဖြင့် ပါဝင်လာနိုင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည် ။
ဝ တပ်ဖွဲ့ အနေဖြင့်မူ လက်မှတ်ရေးထိုး လိုက်ပါက ၀ ပြည်သူများ အတွက် နစ်နာစရာများ ရှိလာ နိုင်သည့် အတွက် လက်မှတ်ရေးထိုးမည် မဟုတ်ပဲ နိုင်ငံရေး ဆွေးနွေးပွဲမှသာ တက်ရောက်မည်ဟု စက်တင် ဘာလ ၄ ရက်နေ့က ထုတ်ပြန် ကြေငြာထား ခဲ့ပါသည် ။
နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေးတွင် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ပါဝင် လက်မှတ် ရေးထိုးရန် အစိုးရ ဘက်က လက်ခံပြီး ကျန်အဖွဲ့ တချို့မှာ နိုင်ငံရေး ဆွေးနွေးခွင့် ရရှိမည် ဖြစ်သလို ကိုးကန့် အဖွဲ့နှင့် ပတ်သက်၍ တော့ သီးခြား တွေ့ဆုံ ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြောဆိုထားသည် ။
ဝ တပ်ဖွဲ့ မှလည်း - ကိုးကန့် အပါဝင် အဖွဲ့တချို့အား အစိုးရဘက်မှ လက်မှတ်ထိုးရန် လက်သင့် မခံခြင်း အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် သော ကြေငြာချက်တွင် ဖော်ပြထားပါသည် ။ ကျိုင်းတုံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ အစိုးရ ဘက်မှ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ၀ တပ်ဖွဲ့ ဘက်ကမူ အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယူရီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့သည်ဟု သိရသည် ။

No comments:
Post a Comment