Friday, October 23, 2015

ဘဝရှင် မင်းတုန်းမင်းတြားကြီးကို ရည်ဆူးကာ ဆွေတော်မျိုးတော်များက ဆွမ်းဆက်ကပ်

အောင်ကိုဦး

မြန်မာသက္ကရာဇ် ၁၂၄၀ သီတင်းကျွတ်လဆန်း ၆ရက်တွင် နတ်ရွာစံတော်မူသော ဘဝရှင်မင်းတုန်းမင်းတြားကြီးအား ရည်မှန်းကာ ၁၃၇နှစ်မြောက် (မတက)ဘတ်ဆွမ်းအလှူအဖြစ် အောက်တိုဘာလ ၁၉ရက် နံနက်က မန္တလေးတောင်ခြေ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ ဆွေတော်မျိုးတော်များက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

“အရင်နှစ်တွေက လက်လှမ်းမီသလောက်ပဲ ကန်တော့ခဲ့ရပေမယ့် ဒီနှစ်မှာ ပြည့်စုံစွာကန်တော့ဖို့အတွက် လုပ်ခဲ့တယ်။ ကုန်းဘောင်ဆက်မောင်နှမတွေအနေနဲ့ ရန်ကုန်၊ မန္တလေးအပြင် ပြည်ပရောက်ဆွေတော်၊မျိုးတော်တွေကို စုစည်းခဲ့ပါတယ်။”ဟု ထိပ်တင်အောင်က ပြောသည်။ အခမ်းအနားတွင် သံဃာတော်(၆၅)ပါအား ဆွမ်းဆက်ကပ်ခြင်း၊ သက်တော်ဝါတော်ကြီး ဆွေတော်မျိုးတော်များအား ကန်တော့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ လုပ်ဆောင်သွားနိုင်ရန်စီစဉ်ထားသည်ဟု ထိပ်တင်အောင် က ဆိုသည်။

“ကုန်းဘောင်ဆက်မောင်နှမတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လကစပြီး နှစ်စဉ်လှူဒါန်းနေကြ ဆွမ်းတော်ကြီးလောင်းလှူဖို့နဲ့ သက်တော်ဝါတော်ကြီး ဆွေတော်မျိုးတော်တွေကို ကန်တော့ဖို့ စတင်တိုင်ပင်လုပ်ဆောင်ခဲ့ကြတယ်။ မနှစ်က (၇)ဦးကို အိမ်တိုင်ရာရောက် ကန်တော့ခဲ့ကြတယ်။”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါပွဲသို့ သက်တော် ၉၀ကျော်ပြီဖြစ်သည့် သီပေါမင်း၏ မြေးတော် ထိပ်စုဖုရားကြီး(ရန်ကုန်)၊တော်ဖုရား(ပြင်ဦးလွင်)တို့နှင့် အတူ သက်တော် ၆၀-အထက် မင်းတုန်းမင်းကြီး၏ မြစ်တော်များ၊ ကနောင်မင်းသား၏ မြစ်တော်များ၊ မင်းတုန်းမင်း၏ တီတော်စပ်သူများ အပါအဝင် မင်းတုန်းမင်း မြစ်တော် ၂၅ဦး၊ တီတော် ၁၈-ဦး၊နှင့်အိမ်ရှေ့စံကနောက်မင်းမြစ်တော် ၈ဦီး၊တီတော် ၅ဦးတို့အား ကန်တော့ကြသည်။

No comments: