ဧရာဝတီ
မြန်မာနိုင်ငံတွင် လတ်တလော ပေါ်ပေါက်နေသည့် ဖမ်းဆီးမှုများ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမေရိကန်ကွန်ဂရက် လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Ed Royce ဦးဆောင်သည့် လွှတ်တော်အမတ်များက ပြစ်တင်ရှုံ့ချသည် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် “အတော်အသင့် လွတ်လပ်စွာ ပြောဆိုဆိုမှုများကိုပင် အလေးအနက် မေးခွန်းထုတ်ဖွယ်ရာ ဖမ်းဆီးမှုများက အစိုးရ၏ ကတိက၀တ်များနှင့် ပတ်သက်၍ သံသယ၀င်စရာဖြစ်လာသည်။ အထူးသဖြင့် အစိုးရကို တိုက်ရိုက်ပြောဆိုမှုများ ပြုလုပ်သည့်အခါတွင် ဖြစ်သည်။ အဆိုပါလုပ်ရပ်များသည် ဒီမိုကရေစီ အတွက်ကတိပြုထားသော အစိုးရတခု သို့မဟုတ် လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာ၏ တန်ဖိုးကို အလေးထားသော နိုင်ငံတခု၏ လုပ်ရပ်များ မဟုတ်ပါ။ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် အနည်းငယ်မျှသာလိုတော့သည့် အချိန်တွင် အဆိုပါ ကိစ္စများက အလွန် စိတ်အနှောက်အယှက် ဖြစ်စေပါသည်” ဟုဖော်ပြထားသည်။
နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးမည်ဟု အစိုးရက အစောပိုင်းတွင် ကတိပြုခဲ့သော်လည်း နိုင်ငံရေး ဆောင်ရွက်မှုများကြောင့် ဖမ်းဆီးခံနေရသူများ ရှိနေဆဲဟု သိရကြောင်း၊ လတ်တလော ဖမ်းဆီးခံရသူများနှင့် တခြားသော နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုကြောင်းလည်း ၎င်းတို့က ဆိုသည်။
ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သည့် ကိုယ်စားလှယ်များမှာ ကွန်ဂရက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဌ အဒ် ရွိုက်စ် (Ed Royce) နှင့် ကော်မတီဝင်များဖြစ်ကြသည့် အယ်လီယော့ အိန်ဂျယ် (Eliot L. Engel)၊ မတ် ဆယ်လ်မွန် (Matt Salmon)၊ ဘရန်း ရှာမန် (Brad Sherman)၊ စတိဗ် ချာဘို့ (Steve Chabot) နှင့် ဂျိုး ခရော်လေ (Joe Crowley) တို့ ဖြစ်ကြသည်။
နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် ဆုရခဲ့သည့် မမေစပယ်ဖြူ၏ ခင်ပွန်း ကိုပက်ထရစ်ခွန်ဂျာလီကို Facebook တွင် မှတ်ချက်ချ ရေးသားမှုတခုကြောင့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေဖြင့် မကြာသေးမီက ဖမ်းဆီးခြင်းခံခဲ့ရသည်။ လူငယ် တက်ကြွလှုပ်ရှား သူတဦးဖြစ်သည့် မချောစန္ဒီထွန်းကိုလည်း စစ်တပ်၏ ၀တ်စုံအသစ်ကို Facebook တွင် ဝေဖန်ခဲ့သည့် အတွက် အစိုးရက ဖမ်းဆီးခဲ့သည်။
ထို့အပြင် လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါ်မြတ်နုခိုင်ကိုလည်း လွန်ခဲ့သော တနှစ်ခန့်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မကြာသေးမီက ဖမ်းဆီးခဲ့သည်။
No comments:
Post a Comment