သူဇာ
သာယာဝတီ ခရိုင်တရားရုံး၏ အောက်တိုဘာလ ၁၃ ရက်နေ့ မြင်ကွင်းဖြစ်သည်။ အချိန်က နံနက် ၁၀ နာရီ ထိုးတော့မည်။ ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအဖော်များ ကလည်း မကြာခင် ရောက်ရှိလာတော့မည့်သူများကို စောင့်ဆိုင်းလျက်။
မျှော်လင့်နေဆဲ အချိန်မှာပင် လုံခြုံရေးကားများ ရှေ့တစီး နောက်တစီး ညှပ်ပိတ်ပြီး ကျောင်းသားများကို တင်ဆောင် လာသည့် အချုပ်ကား သုံးစီးက ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်ရှိလာတာ တွေ့ရသည်။
“ အရေးကြီးပြီ.. ညီနောင်အပေါင်းတို့.. သွေးစည်းကာ.. ညီစေ..ညီကြစို့.. ငါတို့ရဲ့.. သမိုင်းတခေတ်ကို.. ငါတို့သွေးနဲ့.. ရေးခဲ့ပြီ.. သွေး.. သစ္စာလည်း ပြုခဲ့သည်..” ဆိုသည့် အဆိုတော် မွန်းအောင်၏ သွေးသစ္စာ အမည်ရှိသည့် ခွပ်ဒေါင်း သီချင်း စာသားကို သံပြိုင်သီဆိုလာသည့် ကျောင်းသားအသံများကလည်း အချုပ်ကား နီးလာသည်နှင့်အမျှ ကျယ်လောင်စွာ ကြား နေရသည်။
အချုပ်ကား ၀င်လာသည်နှင့် တွေ့ဆုံလိုသူ မိဘ၊ ဆွေမျိုး အပေါင်းအဖော်များ၏ အားပေးသံများကလည်း ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာပြီး အချုပ်ကား ရပ်သည်နှင့် အချုပ်ကားထဲမှ တဦးချင်း ထွက်လာသည့် ဖမ်းဆီး ထိန်းသိမ်းခံ နေရသည့်သူများကို သူ့ထက်ငါ အလုအယက် ဆီးကြို နှုတ်ဆက်ကြတော့သည်။
ယင်းမြင်ကွင်းကတော့ သာယာဝတီခရိုင် တရားရုံးတွင် တပတ်တကြိမ် အင်္ဂါနေ့တိုင်း ပုံမှန် တွေ့မြင်နေရသည့် မြင်ကွင်း တခုဟု ဆိုရမည်။ ဖမ်းဆီးခံ ကျောင်းသားများက ၎င်းတို့၏ မိသားစုများကို တပတ်လျှင် တကြိမ်၊ တကြိမ်လျှင် နှစ်နာရီခန့် သာ တွေ့ဆုံနေရခြင်း ဖြစ်သည်။
ယခုလို ၎င်းတို့ ချစ်ခင်ကြသည့် မိဘဆွေမျိုးများနှင့် အတူတူ မနေရဘဲ ရာဇ၀တ်သားများ ထားရှိရာ သာယာဝတီ အကျဉ်း ထောင်တွင် ရောက်ရှိနေရခြင်းမှာ မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို ဒီမိုကရေစီ နည်းစနစ်နဲ့အညီ ပြုပြင်ပြောင်းလဲနိုင်ရန် တောင်းဆိုခြင်းကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိ အကျဉ်းထောင်တွင် ကျောင်းတက်နေဆဲ ကျောင်းသားများသည် အမျိုးသားပညာရေး ဥပဒေကို ဒီမိုကရေစီ စနစ် အတိုင်း အကောင်အထည်ဖော်ရန် ဆန္ဒပြတောင်းဆိုရာမှ အစိုးရဘက်က အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီလတွင် မန္တလေးမြို့ကနေ ရန်ကုန်အထိ အမျိုးသားပညာရေးဥပဒေကို ဒီမိုကရေစီ နည်းလမ်း ကျကျ ပြင်ဆင်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများကို မတ်လ ၁၀ ရက်နေ့ လက်ပံတန်း မြို့နယ် အရောက်တွင် လုံခြုံရေးအင်အား အလုံးအရင်းနှင့် ပြည်ထဲရေး ၀န်ကြီးဌာနဘက်က အကြမ်းဖက် ရိုက်နှက် ဖြိုခွင်း ခဲ့သည်။
ပြီးနောက် ကျောင်းသားများနှင့် ၀န်းရံ ပြည်သူ တရာကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မ အမျိုးမျိုးနှင့် တရားစွဲဆိုကာ ရုံးထုတ် စစ်ဆေးခဲ့သည်မှာ ယခုဆိုလျှင် ၇ လ ရှိလာပြီ ဖြစ်သည်။
အလားတူ လက်ပံတန်းသပိတ် ဖြိုခွင်းခံရမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ရှိသလို တဖက်မှာလည်း ယင်း ဆန္ဒပြမှုနှင့် ဆက်စပ်ပြီး နန္ဒာစစ်အောင်၊ သီဟ၀င်းတင်၊ ဟန်နီဦးတို့ ပိုပိုတို့လို ကျောင်းသူ ကျောင်းသား တချို့လည်း တရားစွဲဆိုခြင်း၊ ထောင်ချခြင်းများ ခံခဲ့ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေး၊ ရတနာပုံတက္ကသိုလ်က ကျောင်းသားလေးဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအ၀င် ပုဒ်မ သုံးခုတပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်ခဲ့သည်။
သို့သော် လက်ပံတန်းအကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသည့် ကျောင်းသားများ ရုံးထုတ်စစ်ဆေးမှုသည် တလပြီး တ လ ကုန်ဆုံးခဲ့သော်လည်း သက်သေ စစ်ဆေးမှုများစွာ ရှိနေသည့်အတွက် နောက်ထပ် နှစ်ချီပြီး အချိန်ကြန့်ကြာနိုင်သေး ကြောင်း ရှေ့နေ့အချို့က ဆိုသည်။
“တရားလမ်းကြောင်းအရဆိုရင် သက်သေတဦးကို ခြောက်လလောက် စစ်ရမယ်။ အဲဒီအတိုင်းသွားမယ်ဆိုရင် ဒီအမှုက အမိန့်ချဖို့ ကိုးနှစ်လောက် စောင့်ရမယ့် အခြေအနေပဲ” ဟု ကျောင်းသားများ၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ အချိန်မျိုးတွင် မဲပေးပိုင်ခွင့် ရှိသည့် ယခုလို ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် နိုင်ငံရေးအင်အားစုများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် နိုင်ငံတော်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတဲ့ ဒီမိုကရက်တစ် အင်အားစုများအတွက် မဲအင်အားများကို ဆုံးရှုံးစေသည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် အကျဉ်းသားများ သည် ကြိုတင်မဲပေးခွင့်ရှိရာ ပြစ်ဒဏ် ကျခံရခြင်း မရှိသေးသည့် အချုပ်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူများ အနေ နှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခွင့်ရမည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က သာယာဝတီ ထောင်အတွင်းရှိ ကျောင်းသားများနှင့် ၀န်းရံ ပြည်သူ များ ကြို တင်မဲပေးနိုင်ရန် နာမည်စာရင်း လာရောက်ကောက်ယူမှုများ ရှိခဲ့သည်ဟု အောက်တိုဘာလ ၁၃ ရက်နေ့ ရုံးချိန်းတွင် ကျောင်းသားများထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားများထဲမှ သုံးပုံ နှစ်ပုံခန့်က ကြိုတင်မဲ အပေါ် ယုံကြည်မှု မရှိသည့် အတွက် မဲပေးမည် မဟုတ်ကြောင်း ရုံးချိန်းတွင် မီဒီယာများသို့ အသိပေးပြောကြားခဲ့သည်။
အစိုးရအနေနှင့် ရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု မည်သို့ပင် ကတိပေးပြောဆိုနေသော်လည်း လက်ရှိအချိန်တွင် မဲစာရင်း မှားယွင်းမှုများစွာ ဖြစ်ပေါ်နေခြင်း၊ နေရာကွက်ပြီး ရွေး ကောက်ပွဲ ကျင်းပနိုင်ခြင်းများ စသည့် အချက်များက တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု နိုင်ငံရေး အသိုင်း အ၀န်း က ဆိုကြသည်။
တဖက်မှာလည်း ကျောင်းသားများ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားနေသူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် များကိုလည်း အစိုးရဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေး အဖွဲ့အစည်းများ အနေနှင့် အကျဉ်းထောင် အသီးသီး တွင် ရောက်ရှိနေသည့် အချုပ်ခံထားရသည့် နိုင်ငံရေး အင်အားစုများကို လွတ်လပ်ခွင့် ရရှိနိုင်ရန် တောင်းဆိုမှု မျိုးစုံလုပ် ဆောင်နေသည်။
ထို့ကြောင့် နေပြည်တော်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးလျှင် နိုင် ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်များက တောင်းဆိုခဲ့ကြသော်လည်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် မည်သည့် ထူးခြားချက်မှ မတွေ့ရပေ။
“ ကျမတို့ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေကို အစိုးရဘက်က ဂိမ်းကစားနည်းတခုလို ကစားလာတာ ကြာပါပြီ။ သူတို့က တခုပေးမှ တခု ပြန်ပေးတဲ့ သဘောမျိုး လုပ်တာ။ ကျမတို့ကို ဓားစာခံလို သဘောထားတဲ့ အစိုးရဟာ သူ့အကျိုးစီးပွား မရှိဘဲ ဘာမှလုပ်မှာ မဟုတ်ဘူး ” ဟု ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ကတော့ အစိုးရ အပေါ် ယခုလို ရှုမြင်ပြောကြားခဲ့သည်။
မဖြိုးဖြိုးအောင် ဆိုလျှင် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး မန္တလေးမြို့မှ ရန်ကုန်ကို ချီတက်လမ်းလျှောက်ပွဲ မကျင်းပခင် ရက်ပိုင်းလောက်ကမှ ၎င်းလက်တွဲဖော်နှင့် မင်္ဂလာဆောင်ခဲ့သူ တဦးဖြစ်ပြီး မဖြိုးဖြိုးအောင်က ဖမ်းဆီး ထိန်း သိမ်းခံထားရပြီး ခင်ပွန်းသည်မှာ ရှောင်တိမ်းနေရကြောင်း သိရသည်။
တပတ်မှ တကြိမ်သာ တွေ့ဆုံခွင့် ရနေသေးသည့် ကျောင်းသား ရုံးထုတ် မြင်ကွင်းမှာတော့ မိဘနှင့် ရင်အုပ်မကွာ ရှိနေရ မည့် ကျောင်းနေအရွယ် ကျောင်းသူ၊ ကျောင်းသားများက တခဏတာ မိဘရင်ခွင်ကို ပြန်လည်တိုးဝင် ဆိုးနွဲ့နေတာတွေ့ မြင်ရသည်။
နောက်ပြီး ဇနီးနှင့် သားသမီးရှိသူ ၀န်းရံပြည်သူတချို့က တရားရုံး၏ ထောင့်တနေရာတွင် နေရာယူပြီး ရသည့်အချိန် လေးတွင် မိသားစု ပျော်ရွှင်နေကြသည့် မြင်ကွင်းများ တွေ့နေရသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွှတ်ပေးမည်ဟု အသံများ ထွက်ပေါ်နေသည့် အတိုင်း နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးခဲ့မည် ဆိုလျှင် လက်တလော အမှု စစ်ဆေးနေဆဲ ရှိသည့် သာယာဝတီ အကျဉ်းထောင် အတွင်းရှိ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ပါဝင်နိုင်ပါ့မလား ဆိုသည့် စိုးရိမ်မှုများ ရှိ နေသည့် လက်ပံတန်း ကျောင်းသားရုံးထုတ် မြင်ကွင်းကတော့ နေ့လယ် ၂နာရီတွင် ပြီးဆုံးခဲ့သည်။
ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို တင်ဆောင်သွားသည့် အချုပ်ကား သုံးစီးကတော့ တပတ် တကြိမ် ပုံ မှန် တာဝန်ထမ်းဆောင်ရသည့် အနေနှင့် သာယာဝတီ ခရိုင် တရားရုံးသို့ ဦးတည် မောင်းနှင်သွားသည်။
No comments:
Post a Comment