Friday, October 23, 2015

ကန်-မြန်မာ ဆက်ဆံရေး ရွေးကောက်ပွဲအပေါ် မူတည်

ဧရာဝတီ


အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းအကြံပေး တဦးဖြစ်တဲ့ Ben Rhodes က သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေးနဲ့ ထင်သာမြင်သာရှိပြီး ပွင့်လင်း မြင် သာ မှုရှိတဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ ၃ ပတ်အလိုမှာ အမေရိကန်သမ္မတ အိုဘားမားက လွှတ်လိုက်တဲ့ အထူးကိုယ်စားလှယ် Ben Rhodes က အမေရိကန် အစိုးရနဲ့ မြန်မာနိုင်ငံအကြား အနာဂတ်မှာ ဆက်ဆံရေးတိုးမြှင့် ကောင်းမွန်ဖို့အတွက် အခုကျင်းပမယ့် ရွေး ကောက်ပွဲ ချောချောမွေ့မွေ့ ဖြစ်ဖို့လိုကြောင်းကိုလည်း သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန် ရဲ့ အဓိက စိုးရိမ်မှုကတော့ နိုင်ငံရေးမှာ ဘာသာရေးက ၀င်နှောက်နေခြင်းပဲဖြစ်ပြီး (ပြည်သူ ပြည်သား တွေကြား) မလုံခြုံမှုတွေကနေ အကြမ်းဖက်မှုတွေ မတည်မငြိမ်ဖြစ်မှုတွေ ဖြစ်သွားနိုင်ကြောင်းလည်း သူက သတင်း ထောက် တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

Ben Rhodes ဟာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) အဖွဲ့ကြီးအကြောင်းကို သတင်းထောက်တွေ နဲ့ တွေ့ဆုံရာမှာ ထည့်သွင်းပြောဆိုခြင်း မပြုခဲ့သော်လည်းဘဲ အိမ်ဖြူတော်အနေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်းတွေ ရွေးကောက်ပွဲကာလမှာ ဖြစ်လာမှာကို အထူးစိုးရိမ်နေတယ်ဆိုတာကို သိသာထင်ရှားနေ ပါတယ်။

မြန်မာနဲ့ အမေရိကန်ရဲ့ အနာဂတ်ဆက်ဆံရေး ပိုပြီး ကောင်းမွန် နက်ရှိုင်းပြီး လက်ရှိ အမေရိကန် က ပြဋ္ဌာန်းထားဆဲဖြစ်တဲ့ ပိတ်ဆို့မှု တွေကို ရုပ်သိမ်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ပြောင်းလဲမှုအပေါ်မှာ အဓိက မူတည်ကြောင်း သူက ထပ် မံ ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ အနာဂတ်မှာ လာရောက်မယ့် ရင်းနှီးမြုပ်နှံမှုနဲ့ Sanction ခေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့အတွက် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ထင်သာမြင်သာဖြစ်ဖို့ လိုကြောင်းနဲ့ ပြည်သူပြည်သားတွေရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်တာပဲ ဖြစ်ရမယ်လို့ အိမ်ဖြူတော်ရဲ့ ကိုယ်စားလှယ်က သတိပေးပြောကြား လိုက်ပါတယ်။

မြန်မာပြည် ခရီးစဉ်အတွင်းမှာ အိုဘားမားရဲ့ အထူးအကြံပေးဟာ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော သမ္မတဦးသိန်းစိန်နဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အစိုးရကရော တပ်မတော်ကပါ သူ့ကို ရွေးကောက်ပွဲရဲ့ရလဒ်ကို လေးစားလိုက်နာပါမယ်ဆိုတာကို ကတိပေး ပြောကြား ခဲ့ကြောင်း၊ (အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာက) လက်ခံမယ့် အကြောင်းအရာတွေကို ပြောဆိုခဲ့ကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲရဲ့ရလဒ်ကို လေးစားလိုက်နာမှု မပြုဘူးဆိုရင်တော့ အမေရိကန်အနေနဲ့ မြန်မာအပေါ်ထားတဲ့ ပေါ်လစီကို ပြန်လည် စဉ်းစား သုံးသပ်ရမှာဖြစ်ကြောင်း Ben Rhodes က ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လိုက်နာမယ် ဆိုတာဟာ သူတို့ရဲ့ တရားဝင် ပြောဆိုချက်ဖြစ်ပါတယ်လို့ Ben Rohdes ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်တဲ့ အမေရိကန် သမ္မတဖြစ်ခဲ့ပြီး US ကထားခဲ့တဲ့ ပိတ်ဆို့အချို့ကို ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံခြား ဆက်ဆံရေးမှာ မြန်မာနိုင်ငံကို သေနတ်မဖောက်ရဘဲ မိတ်ဆွေ သစ် တိုးခဲ့ပြီလို့ မနှစ်ကUS က စစ်တက္ကသိုလ်တခုရဲ့ မိန့်ခွန်းမှာ ကြွေးကြော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မြန်မာ အပြောင်း အလဲဟာ အကန့်အသတ်ဖြစ်ပြီး အနုတ်လက္ခဏာဆောင်တဲ့ နောက်ပြန်သွားတာကို တွေ့ရချိန်မှာ အိုဘားမားရဲ့ မြန်မာ့ ပေါ်လစီကို ဝေဖန်မှုတွေ ခံနေရချိန်လည်း ဖြစ်ပါတယ်။

No comments: