Friday, October 23, 2015

အနာတရ ချင်းတောင်တန်းများ (သို့မဟုတ်) တွန်းဇံမှ တီးတိန်သို့

လဝီဝမ်


ချင်းပြည်နယ် ခရီးစဉ်က ကျနော်၏ ပထမဆုံး အကြိမ် ဖြစ်ပြီး ကျနော် မရောက်ဖူးသေးသည့် နေရာတခုလည်း ဖြစ်သည်။ ရေဘေးသင့် ခံနေရသည့် ဒေသ ဖြစ်၍ နေရာ အတော်များများတွင် မြေပြိုမှုများ ဖြစ်နေသည်ကို ခရီးလမ်း တလျှောက် တွေ့မြင်ခဲ့ရသည်။

ထိုဒေသတွင် ပိုက်ဆံရှိသော်လည်း ဝယ်စား၍ မရပါ။ တွန်းဇံမြို့တွင် ခက်ခက်ခဲခဲနှင့် ၃ ရက် နေခဲ့ပါသည်။ ပြန်မည့် နေ့တွင် ကျနော်တို့ ကားဂိတ်ကို နံနက် ၇ နာရီ အရောက် လာခဲ့သော်လည်း ၈ နာရီမှ ကားထွက်ပါသည်။ မြို့မှ ထွက်ခွာလာပြီး နာရီဝက် အကြာ၌ ကျနော်တို့ရှေ့တွင် ကားများတန်းစီ ရပ်နေကြသည်ကို တွေ့ရသည်။ မြေပြိုနေ၍ ခရီးဆက်မရခြင်း ဖြစ်သည်။အဆင်းရဲဆုံး

ကားဆရာသည် အနီးရှိ အိမ်တလုံးရှေ့တွင် ကားရပ်လိုက်ပြီး အိမ်ရှင်ကို ထမင်းဟင်း ချက်ပေးရန် ပြောပါသည်။ ထိုအိမ်မှာ ၄ နာရီကြာခဲ့ ပါသည်။ အိမ်ရှင်က ဟင်းပွဲအဖြစ် ငါးသေတ္တာဟင်း ချက်ပေး၍ တယောက်လျှင် ၂ ထောင်ကျပ် ကျသင့်ပါသည်။ ကံကောင်း၍ ကားလမ်းမှာ အိမ်တချို့ရှိသောကြောင့်သာ ထမင်းဟင်း စားရခြင်းဖြစ်ပြီး ထိုသို့ မဟုတ်လျှင် ထမင်းစားရမှာ မဟုတ်ဟယ ကားဆရာက ပြောပါသည်။

မြေပြန့်သားတယောက် အနေနှင့် သင်ခန်းစာတခု ရသွားခဲ့သည်။ ဗိုက်ကို အရင် ဝအောင်စားပြီးမှ ခရီးထွက်ရမည် သို့မဟုတ်လျှင် မိမိနဲ့ အတူ ထမင်းထုပ် ထည့်ပြီး ခရီးသွားရမည်။ ထိုအရာသည် တောင်ပေါ်သားများ အတွက် အခက်အခဲတခု မဟုတ်သော်လည်း မြေပြန့်သား အတွက် အခက်အခဲ တခုလို ဖြစ်နေသည်။

ကားလမ်းပေါ်တွင် ပြိုနေသည့် မြေများကို ဖယ်ရှားလိုက်ပြီးနောက် နေ့လယ်တွင် ကျနော်တို့ ခရီးဆက်ခဲ့ပါသည်။ ကလေးမြို့သို့ ညနေ ၇ နာရီတွင် ရောက်ရှိခဲ့ပါသည်။ တောင်တန်းပေါ်တွင် ခက်ခက်ခဲခဲ ၁၀ ရက်ကျော် ခရီးသွားခဲ့ သော်လည်း တစုံတရာ ထိခိုက်အန္တရာယ် မဖြစ်ခဲ့သည်ကို စိတ်ထဲတွင် ကျေးဇူးတင်မိပါသည်။

မူးမှ မောင်း

ကျနော်၏ ခရီးစဉ်တွင် ကလေးမြို့ကိုသာ သွားမည်ဟု ပထမ စဉ်းစားခဲ့ပါသည်။ ရေနစ်မြုပ်သည့် ဒေသနှင့် ပျက်စီး သွားသော ရွာများသို့ သွားရောက်သတင်းယူပြီး ပြန်မည်ဟု စီစဉ်ခဲ့ပါသည်။ ရောက်သည်နှင့် ဟားခါးလေးရွာနှင့် အခြား ရွာများကို သွားရောက် ကြည့်ရှု သတင်းယူခဲ့ပြီး ကလေးမြို့တွင် ၂ ရက် နေခဲ့သည်။ သို့သော် အခြားရေဘေး အကူအညီ ပေးသည့် နောက်ထပ်အဖွဲ့တခု၏ အကူအညီကြောင့် တီးတိန်းမြို့ကို ဆက်လက် လိုက်ပါခဲ့သည်။

ကလေးမြို့မှ နေ့လယ် ၁ နာရီတွင် ထွက်ခဲ့ပြီး ချင်းတောင်တန်းသို့ အတက် ၁ နာရီခန့် အကြာတွင် ကျနော်တို့ စီးနင်း လိုက်ပါလာသည့်ကား စက်ချွတ်ယွင်းမှု ဖြစ်ခဲ့သည်။ တောင်ပေါ်တွင် ၂ နာရီကြာအောင် ကားပြင်ခဲ့ပြီးနောက် ခရီးဆက်ခဲ့သည်။

မိုးများလည်း တဖွဲဖွဲရွာလာပြီး လမ်းများကလည်း ရွံ့ဗွက်များ ထလာပါသည်။ မြေပြိုမှုများလည်း ဖြစ်လာသည်။ ကားလမ်း ရှင်းလိုက် ပြန်မောင်းလိုက်နှင့် ညည့်နက်ချိန်ကျမှ ချင်းတောင်တန်း အလယ်သို့ ရောက်ရှိခဲ့ပါသည်။ ရှေ့တွင်လည်း ကားလမ်း ပိတ်နေပြီး မည်သည့် ကားမှာ ရှေ့ဆက် သွားမရတော့ ပါ။

ထိုအခါတွင် ကားဆရာများက လက်ခုပ်တီးကြပြီး ကားထဲတွင် ပါလာသည့် အရက်များ ထုတ်သောက်ကာ သီချင်းဖွင့် ပါတီပွဲတွေ လုပ်ကြသည်။ အနားယူချိန် ဖြစ်ပါသည်။

ကျနော် သတိထားမိသည်မှာ ကားဆရာတိုင်းလိုလို အရက်သောက်ပြီး ကားမောင်းကြပါသည်။ ကျနော်တို့မှာ အမြဲ ပြောနေကြသည့် စကားတွင် “မူးလျှင် မမောင်းနှင့် မောင်းလျှင် မမူးနှင့်” ဟူသည့် ဆောင်ပုဒ် ရှိပါသည်။ သို့သော် ကျနော့် အတွေ့အကြုံ အရ ချင်းပြည်နယ်မှ ကားမောင်းသမားများသည် အဆိုပါ ဆောင်ပုဒ်ကို မလိုက်နာကြပါ။ အကယ်၍ လိုက်နာကြလျှင်လည်း ကြမ်းတမ်းလွန်းသည့် တောင်ပေါ်ကားလမ်းကို မောင်းရဲကြမည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး ယခုနှစ်တွင် ရာသီဥတု ဆိုးရွားသည့်ဒဏ်ကြောင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ရေနစ်မြုပ်ခြင်း မြေပြိုမှုများကြောင့် အနည်းဆုံး လူဦးရေ ၂၀ဝ၀ဝ သည် ဘေးသင့်ခဲ့၍ အိမ်ရာပေါင်း များစွာ ပျက်စီးခဲ့သည်။

ချင်းတောင်တန်းလမ်း ခရီးတလျှောက်တွင် မြေပြိုထားသည့် အနေအထားများကို မကြာခဏ တွေ့ရပါသည်။ မြစ် သို့မဟုတ် စမ်းချောင်းငယ်များနှင့် နီးသည့်နေရာ အတော်များများတွင် မြေသားထုကြီးများ ပဲ့ထွက်နေသည်ကို တွေ့ရ သည်။

ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀ဝ၀ အမြင့်ရှိသော ချင်းတောင်တန်းဒေသတွင် နေထိုင်ကြသူများနှင့် ဒေသခံများသည် ၎င်းတို့နေထိုင်သည့် ရွာများတွင် မြေပြိုမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြရသည်။ အချို့ကလည်း လုံခြုံစိတ်ချရသည့် တောင်ကြားသို့ ရွေ့ပြောင်းကြရန် စဉ်းစားနေကြသည်။

ကုန်ဈေးနှုန်း

မကြာသေးမီက ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးပြတ်တောက်ကာ ချင်းပြည်နယ်တွင် လူသုံး ကုန်ပစ္စည်းဈေးနှုန်းလည်း မြင့်မားလာပါသည်။ ၅၀ ကီလိုဂရမ် ဆန် တအိတ် ၅၀ဝ၀ဝ ကျပ်၊ ရေသန့် တပုလင်း ၁၀ဝ၀ ကျပ်၊ မြန်မာဘီယာ တပုလင်း ၂၅၀ဝ ကျပ် ဈေးနှုန်း ရှိပါသည်။

နယ်စပ် တလျှောက်ရှိ တံတားများ ပျက်စီးခဲ့သောကြောင့် အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုများ ပြတ်တောက်ခဲ့သည်။ ထို့ကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။

ချင်းပြည်နယ်သည် ဝေးလံခေါင်ဖျားသော ဒေသဖြစ်သည့် အတွက် အစိုးရဝန်ထမ်း အများစုသည် ချင်းပြည်နယ်သို့ ရွေ့ပြောင်းရန် တွန့်ဆုတ်နေကြသော်လည်း အစိုးရက လစာနှစ်ဆ တိုးမြင့်ပေး၍ ခန့်ထားရသည်။ တွန်းဇံရှိ အစိုးရဝန်ထမ်းတယောက်က ပထမတနှစ်တွင် လစာတိုးပေးခြင်း ခံရသော်လည်း နောက်နှစ်တွင် ပုံမှန်လစာ အတိုင်းသာ ရတော့ကြောင်း ပြောသည်။

တွန်းဇံမြို့ရှိ ရဲအရာရှိတယောက်က တွန်းဇံမြို့သို့ တာဝန်ထမ်းဆောင်ရမည်ဟု ကြားသောအခါ မည့်သည့်ဒေသတွင် တည်ရှိသည်ပင် မသိခဲ့ကြောင်း ပြောသည်။

“တွန်းဇံကိုသွားရမှာ အမျိုးသမီးကို မပြောချင်ဘူး။ ဘာလို့လဲ ဆိုတော့ သူ ကျနော့်ကို စိတ်ပူနေလိမ့်မယ်”

ချင်းပြည်နယ်တွင် အလုပ်လက်မဲ့ လူဦးရေ များပါသည်။ ချင်းလူငယ်များလည်း အစိုးရဝန်ထမ်းဖြစ်ရန် ကြိုးပမ်းလာ ကြပြီး အများစုက အစိုးရဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လိုကြသည်။ ကျောင်းဆရာများသည် တလ ကျပ် ၂၀ဝ၀ဝ၀ ဝင်ငွေ ရှိသည်။ ချင်းပြည်နယ်တွင် ပုံမှန် အလုပ်မရှိသည့် အတွက်ကြောင့် အစိုးရဝန်ထမ်း အလုပ်သည်သာ ပုံမှန် ၀င်ငွေရရှိ၍ တာဝန်ထမ်းယူလိုကြခြင်း ဖြစ်သည်။

ထိုဒေသရှိ ဝန်ထမ်းမဟုတ်သော လူအများစုက မလေးရှားနှင့် အခြားနိုင်ငံများတွင် အလုပ်လုပ်ကြပြီး မိသားစုများ ထံသို့ ငွေများ ပြန်ပို့ပေးကြသည်။

နိုင်ငံရေးနဲ့ ဘာသာရေး

ချင်းပြည်နယ်မှာ ဗုဒ္ဒဘာသာ ကိုးကွယ်သည့် ပုဂ္ဂိုလ် နည်းပါးသည်။ အများစုက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည်။ ကျနော်တို့ တီးတိန်ကို တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ရာ ဘုရားကျောင်းသွားမည့်နေ့ ဖြစ်သောကြောင့် မြို့ထဲက ရှိသမျှ စားသောက်ဆိုင်များ ပိတ်ပါသည်။ ကျနော်တို့ မြို့ပတ်၍ စားသောက် ဆိုင်ရှာသော်လည်း မတွေ့ပါ။

လူများက နံနက်ပိုင်းမှ ညနေပိုင်းအထိ ဘုရားကျောင်း သွားကြပါသည်။ လမ်းပေါ်တွင် ဘုရားကျောင်းသွားသည့် လူများကိုသာ တွေ့ရသည်။ မြို့မှာ ငြိမ်းချမ်းပါသည်။ ရာသီဥတုကလည်း အေးသည်။ ဘုရားကျောင်းမှ ပြန်လာသူများ ၏ မျက်နှာတွင် ငြိမ်းချမ်းမှုများ ပေါ်လွင်နေပါသည်။

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား ၅၃ မျိုးရှိသောကြောင့် ဘာသာစကား အခက်အခဲများစွာ ရှိပါသည်။ သို့သော် ဝတ်ပြု ဆုတောင်းခြင်းနှင့် ယုံကြည်မှုများ ကွဲပြားသော်လည်း အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။

တီးတိန်နှင့် တွန်းဇံမြို့တို့ရှိ “In God We Trust” သို့မဟုတ် “We Must Be Born Again” စသည့် စာသားများ ရေးသား ထားသည့် ဆိုင်းဘုတ်ငယ်များ ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။

ချင်းပြည်နယ်တွင် ရေနစ်မြုပ်ခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေ ရွေးကောက်ပွဲ အပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး ချင်းပြည်နယ်ရှိ အချို့နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို ရွေ့ဆိုင်းသင့်သည် ဟူသော ထင်မြင်ချက်များ ရှိသည်။


လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းတိုင်းရင်းသူ ချယ်ရီဇာဟောင်းသည် ပြည်သူ့လွှတ်တော်တွင် ချင်းတိုးတက်ရေး ပါတီ (Chin Progressive Party) ပါတီ၏ ကိုယ်စားလှယ်လောင်းတဦးဖြစ်သည်။ ချယ်ရီဇာဟောင်းက ယခုလ အစောပိုင်းက ချင်းပြည်နယ်တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာ၌ သွားလာရန် ခက်ခဲသောကြောင့် ပါတီ၏ ကိုယ်စားလှယ်လောင်းများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။

ချင်းပြည်နယ်တွင် ပါတီကြီး ၂ ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့နှင့် အတူ အနည်းဆုံး တိုင်းရင်းသားပါတီငယ် ၆ ခု ယှဉ်ပြိုင်မည် ဖြစ်သည်။

တီးတိန်မြို့၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကိုစံထူးက ရွေးကောက်ပွဲအပြီး ချင်းပါတီများ အနေဖြင့် ညွန့်ပေါင်းဖွဲ့လျှင် ပို၍ အင်အားကောင်းနိုင်ကြောင်း ပြောသည်။

သို့သော် လူအများ၏ စိတ်ဝင်စားမှုအပေါ် မူတည်ပါသေးသည်။ မတူညီသည့် ကိုယ်စားလှယ်လောင်းများအကြား ဘာသာစကား အခက်အခဲများ လည်းရှိပြီး ယာယီညွန့်ပေါင်းဖွဲ့သည့် ကိစ္စများကို ဆန့်ကျင်နိုင်ခြေလည်း ရှိကြောင်း ကိုစံထူးက ပြောသည်။

တွန်းဇံတွင် ဒေသခံတဦးဖြစ်သော ဒယ်လျန်က NLD ကို ထောက်ခံမည် ဖြစ်ကြောင်း၊ သူ့မြို့ အတွက် ကောင်းကျိုး ပြုမည်ဟု ယုံကြည်နိုင်သည့် တခုတည်းသော ပါတီဖြစ်ကြောင်း ပြောသည်။ သူသည် ချင်းပါတီများနှင့် ၎င်းတို့၏ ကတိများကို အယုံအကြည် မရှိပါ။

“သူတို့က ပြောလိုက်ရင်တော့ ချိုနေတာပဲ။ ဒါပေမယ့် သူတို့ အနိုင်ရပြီးရင်တော့ ပြန်လှည့်ကြည့်မှာတောင် မဟုတ်ဘူး”

No comments: