ကျော်ခ
၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်အထိ မသမာသောနည်းလမ်းများဖြင့် မဲဆွယ်မှုများ၊ အခြေခံ မဲစာရင်း အလွဲလွဲ အချော်ချော် ဖြစ်နေမှုများသည် လက်ရှိ အစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့တွင် အဓိက တာဝန်ရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက သတိပေးသည့် ကြေညာချက် တစောင်ကို အောက်တိုဘာလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေညာချက်ကို အဖွဲ့ဝင် အဖွဲ့အစည်း ၄၄၉ ဖွဲ့ ပါဝင်သော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်အစရာ အရပ်ဖက် မဟာ မိတ်အဖွဲ့(MATA)နှင့် အဖွဲ့ဝင် အဖွဲ့အစည်း ၂၀၀ ကျော် ပါဝင်သော နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်(NNER)၊ ဒီမိုကရက်တစ် အင်အားစု(FDB)၊ ဒီမိုကရေ စီနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အင်အားစု(NDD)၊ အမျိုးသမီးများ ကွန်ရက်-မြန်မာ(WON)နှင့် ဒို့မြေကွန်ရက်(Lands in Our Hands)တို့က ပူးပေါင်း ထုတ်ပြန် ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့သော အခြေအနေများနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)တို့အပေါ် သံသယ ရှိကြောင်း မြန်မာ အရပ် ဘက် လူမှုအဖွဲ့အစည်း ၆၀၀ ကျော်က ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။
အထက်ပါ အဖွဲ့အစည်းများ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးထွန်းက“နိုင်ငံတော် ဘက်ဂျက်ကိုလည်း သုံးခွင့်ရထားတယ်။ နောက်ပြီး နိုင်ငံတကာရဲ့ အလှူငွေတွေ လည်း ရထားပြီးတော့ ဒီလောက်အထိ သုံးစွဲနေတာတောင်မှ ဒါကို မှန်ကန်အောင် မလုပ်နိုင်ဘူး။ ဒါဟာ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကိုပါ ချိုး ဖောက်ရာ ရောက်တယ်။ ဒီလိုချိုးဖောက်ခြင်းဟာလည်း တရားစွဲလို့ ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း အတိအလင်း ပြဌာန်းပြီးသား”ဟု ဧရာဝတီသို့ ပြောသည်။
ဦးစိုးထွန်းက“နိုင်ငံတော် ဘက်ဂျက်ကိုလည်း သုံးခွင့်ရထားတယ်။ နောက်ပြီး နိုင်ငံတကာရဲ့ အလှူငွေတွေလည်း ရထားပြီးတော့ ဒီလောက်အထိ သုံးစွဲနေ တာတောင်မှ ဒါကို မှန်ကန်အောင် မလုပ်နိုင်ဘူး။ ဒါဟာ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကိုပါ ချိုးဖောက်ရာ ရောက်တယ်။ ဒီလို ချိုးဖောက်ခြင်း ဟာလည်း တရားစွဲလို့ ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း အတိအလင်း ပြဌာန်းပြီးသား”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း၊ ပြည်ပ၏ ပံ့ပိုးမှုများ ရရှိထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)အနေဖြင့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ စတင် ထုတ်ပြန်ချိန်မှစ၍ ယနေ့အချိန်အထိ အလွဲလွဲ အချော်ချော် ဖြစ်နေကြောင်း၊ ပြည်တွင်း မဲဆန္ဒရှင်များ သာမက အဝေးရောက် မြန်မာနိုင်ငံများသား များလည်း ကြုံတွေ့နေရကြောင်း၊ ယင်းအခြေအနေကို လူထုအပေါ် တာဝန်ပုံချနေခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်းကို ပြသနေခြင်း ဖြစ်သည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။
ထို့ပြင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်းများနှင့် အစိုးရ အဖွဲ့ဝင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် မလျှော်ကန်သည့် သြဇာကျင့်သုံးခြင်း၊ အစိုးရ ဖွံ့ဖြိုးရေး စီမံကိန်းများကို ချိန်ကိုက်ဖော်ဆောင်၍ သွယ်ဝိုက် မဲဆွယ် စည်း ရုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးကို အသုံးချ၍ မသမာသော၊ ကျင့်ဝတ်နှင့် မညီသော နည်းလမ်းများနှင့် မဲဆွယ်စည်းရုံးနေမှုများသည် ရပ်တန့်ခြင်း မရှိဘဲ ပိုမို စိုးရိမ်ရသည့် အခြေအနေကို မြင်တွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)အနေဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်သော ကြေညာချက်ကို မသိရှိရသေးသဖြင့် တုန့်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း ပထမအကြိမ် မဲစာရင်းအမှားများသည် နည်းပညာအခက်အခဲကြောင့် ဖြစ်ကြောင်း UEC ၏ ရွေးကောက်ပွဲဋ္ဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ဧရာဝတီသို့ ပြောသည်။
ဦးစိုင်းကျော်သူက“ကျနော်တို့က အခြေခံ မဲစာရင်းကို နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အကူအညီနဲ့ ဆောင်ရွက်တာ။ ဆောင်ရွက်တဲ့ အခါမှာလည်း သူတို့ရဲ့ နည်းပညာ Software အမှားကြောင့် အလွဲအမှားတွေ ရှိတာပေါ့နော်။ အဲလိုမျိုးရှိတဲ့ အခါကြတော့ သူတို့က ဒီဥစ္စာကို မဲစာရင်းမှားနေတယ်လို့ ပြောပါတယ်”ဟု ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သူ ဦးသွင်လင်းအောင်က“အာဏာရ (ကြံ့ခိုင်ရေး)ပါတီနဲ့ သူ့ရဲ့အသိုင်းအဝိုင်းပါတီတွေဆိုရင် မဲဆွယ်တဲ့အခါမှာ မလျှော်မကန် သြဇာသုံးတာ၊ ဘာသာရေး၊ လူမျိုး ရေးတို့ကို အသုံးချပြီးတော့ မဲဆွယ်တာတွေ ရှိတယ်။ ဒါတွေက အရေးယူရမယ်ဆိုတာ ဥပဒေထဲမှာ အတိအလင်းပါတယ်လေ။ ဒါတွေကို အရေးမယူဘူး။ သူ အရေး ယူချင်တဲ့လူကြတော့ ယူတယ်။ အရေးမယူချင်တဲ့သူကြတော့ အမှုတောင် ဖွင့်လို့မရတဲ့ဟာတွေ ရှိတယ်။ အဲဒီအချက်တွေကို ကျနော်တို့က ထောက်ပြတာ”ဟု ဧရာဝတီသို့ ပြောသည်။
ကော်မရှင် တာဝန်ရှိသူ တဦးဖြစ်သူ ဦးစိုင်းကျော်သူကလည်း“ကျနော်တို့ကတော့ နိုင်ငံရေးပါတီအားလုံးကို code of conduct ပေါ့။ ကျင့်ဝတ်နဲ့အညီ လိုက်နာ လုပ်ဆောင်ဖို့ ပြောထား တာတွေလည်း ရှိပါတယ်။ ဒီလိုအငြင်းပွားမှုတွေ ပေါ်လာတယ်ဆိုရင် မြို့နယ်အဆင့်အထိ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွေ ဖွဲ့ထား ပါတယ်။ အဲဒါလဲလွှတ်တော်ကိုယ်စားလှယ်အများဆုံးပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ ၁၀ ခု အပါအဝင်ပေါ့နော်၊ အဲဒါတွေနဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားတဲ့ ဥစ္စာတွေ လည်း ရှိပါတယ်” ဟု ပြောသည်။
အရပ်ဘက် လူမှုအဖွဲ့အစည်းများက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်းတို့ ထုတ်ပြန်သော ကြေညာချက်အား သတင်းမီဒီယာများ၊ နိုင်ငံတကာသံရုံးများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရရုံးများကို ပေးပို့သွားမည် ဖြစ်သည်ဟု သိရသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အထမမြောက်ခြင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မပါဝင်နိုင်သေးခြင်း၊ အလုပ်သမားနှင့် လယ်သမားများ၏ တောင်းဆိုမှုများ လျစ်လျူ ရှုခံနေရခြင်းနှင့် အမျိုးသား ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်ခဲ့ခြင်း စသည့် နောက်ခံ အခင်းအကျင်းများကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာနှင့် အကြပ်အတည်းများကို ဗျူဟာမြောက် အဖြေရှာရာတွင် ထွက်ရပ်လမ်းတခုမဟုတ် ၎င်းတို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ယုံကြည်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment