ဆွေလီဝီး/ Reuters
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ပဋိပက္ခ အများဆုံးဒေသ တခုဖြစ်သော ရခိုင်ပြည်နယ်မှ သြဇာရှိသည့် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတယောက်က တရုတ်နိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့စဉ် ၎င်းကို တရုတ်အာဏာပိုင်များက မငြင်းပယ်နိုင်လောက်သည့် ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ “အလိုရှိသမျှပြောပါ ကျနော်တို့က ပေးအပ်ပါမည်”ဟု တရုတ်တာဝန်ရှိသူများက သူ့ကို ပြောသည်ဟု သိရသည်။
လာမည့်လအတွင်း မြန်မာနိုင်ငံတွင် ကျင်းပရန်ရှိနေသည့် ကြိုတင်မှန်းဆမရနိုင်သော ရွေးကောက်ပွဲမတိုင်မီ ကာလတွင် ရခိုင်အမျိုးသားပါတီ (ANP)၏ ဥက္ကဌ ဒေါက်တာအေးမောင်ကို တရုတ်အစိုးရ တာဝန်ရှိသူများက ထိုသို့ရက်ရောစွာ ကမ်းလှမ်းလိုက်ခြင်းက မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၂ ခုနှင့် ရေနက်ဆိပ်ကမ်းကဲ့သို့သော ဗျူဟာအကျဆုံး ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် တရုတ်နိုင်ငံက မည်သို့လုပ်ဆောင်နေကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ပင်လယ်ရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာစေရေးအတွက် အတိုက်အခံပါတီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဆန္ဒရှိလာ ခြင်းက တရုတ်အစိုးရ၏ ၀င်ရောက်စွက်ဖက်မှုမပြုသော နိုင်ငံခြားရေး မူဝါဒမှ အဓိက အပြောင်းအလဲတခုကို ဖော်ပြနေခြင်း လည်းဖြစ်သည်။
“ကျနော်တို့က တရုတ် သို့မဟုတ် အမေရိကန် သို့မဟုတ် စင်ကာပူ တကယ်လို့ အိန္ဒိယ အစိုးရက ဖိတ်ခေါ်မယ်ဆိုရင်တောင် ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုအပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဗုဒ္ဓဘာသာဝင် ရခိုင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ANP ပါတီသည် လွန်ခဲ့သော ၂၅နှစ် (၁၉၉၀ခုနှစ်) က ပြုလုပ်ခဲ့သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တခုလုံးနီးပါး၌ အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy) နှင့်ပေါင်းပြီး ပြန်လည်ဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ယခု တကြိမ်တွင်လည်း ဒေါက်တာအေးမောင်က ပြည်နယ်တွင် အာဏာအရှိဆုံးနေရာဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည်ဟု ထင်ကြေးပေးပြောဆိုမှုများ ရှိနေသည်။
ထို့ကြောင့်ပင် မြန်မာနိုင်ငံ၏ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော တရုတ်နိုင်ငံက သူ့ကို မဟာမိတ်ဖွဲ့ရန် ကြိုးစားလာခြင်း ဖြစ်သည်။
လွန်ခဲ့သော ၃ နှစ်ခန့်က ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမူဆလင်များကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့ သည့်နေရာတခုဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းမြို့တမြို့ဖြစ်သည့် ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံအတွက် သဘာဝ အရင်းအမြစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းများအတွက် အချက်အချာနေရာသစ်တခု ဖြစ်သည်။
တိကျစွာပြောရလျှင် ကျောက်ဖြူ မြို့မှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်များက အမေရိကန် ရေတပ် အင်အားကြီးမားစွာရှိနေသော မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယ သမုဒ္ဒရာမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဖြစ်သည်။ မလက္ကာရေလက်ကြားတွင် အမေရိကန်တပ်များရှိနေခြင်းက တရုတ်အစိုးရတာဝန်ရှိသူများကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပေါ်လစီ အရွေ့
တရုတ်ကွန်မြူနစ်ပါတီက သူ့ကို ဇူလိုင်လအတွင်းတွင် Fujian နှင့် Guizhou ပြည်နယ်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။ အစည်းအဝေးပွဲတခုတွင် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူတဦးက တရုတ်နိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ဒေါက်တာအေးမောင်၏ ANP ပါတီတို့နှင့်သာ အဆက်အသွယ်ပြုလုပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“သူတို့က ပါတီ ၃ ခုနဲ့ပဲ ဆက်သွယ်တယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးထဲမှာ ကျနော်တို့ပါတီ တခုထဲကိုပဲ ဆက်သွယ်တယ်လို့ ကျနော်ကိုပြောတယ်” ဟု မဲဆွယ်စည်းရုံးမှုများပြုလုပ်နေသည့် ကျောက်ဖြူမြို့အနီးမှ အန်းမြို့တွင်ပြုလုပ်သော အင်တာဗျူးတွင် ဒေါက်တာအေးမောင်က ရိုက်တာသို့ ပြောကြားခဲ့သည်။
ဒေါက်တာအေးမောင်၏ ခရီးစဉ် ၂ ခုနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်နိုင်ငံမှ ပြည်တွင်း မီဒီယာများတွင် အတိုချုပ်ဖော် ပြ ခဲ့သော်လည်း သူ၏ တွေ့ဆုံမှု အစီအစဉ်များတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို တရားဝင် ထုတ်ပြန် ဖော်ပြမှုများ မရှိပါ။
တရုတ် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနသို့ Fax ပေးပို့၍ မှတ်ချက်တောင်းခံခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပါ။ တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပါ။
သမ္မတ ဦးသိန်းစိန်၏ ရုံးမှ အကြီးတန်း အရာရှိတဦးက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ NGO များ၊ နိုင်ငံရေးပါတီများကြား ဆက်ဆံမှုကို သမ္မတကလည်း အားပေးကြောင်း ပြောသည်။
“ANP နဲ့ ဆက်ဆံရေး ကောင်းမွန်လာအောင် သူတို့ကြိုးစားနေတာက သူတို့ရဲ့ မူဝါဒ အသစ်တွေကို ဖွံ့ဖြိုးအောင်လုပ်တာရဲ့ တစိတ်တပိုင်းလို့ ကျနော်ထင်ပါတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ရိုက်တာ သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ရိုးရှင်းသော ပုံသေနည်းတခုကိုသာ အားထားခဲ့သည်။ တိုင်း ပြည်တခု၏ ပြည်တွင်းနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု သူတို့ ယူဆသည့် အရာမှန်သမျှကို ရှောင်ရှားခဲ့ သည်။
သို့သော်လည်း ယခုအခါတွင် သမ္မတ ရှီကျင်ဖျင့်၏ အစိုးရက ၎င်းတို့၏ အယူအဆဟောင်းက တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လုံလောက်အောင် ကာကွယ်ပေးခြင်း မပြုနိုင်ဟု ပိုမိုနားလည်လာကြသည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။
“ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျနော်တို့က အာဏာရပါတီတွေနဲ့ပဲ ဆက်ဆံခဲ့တဲ့ အတွက် ဆုံးရှုံးမှုတွေ အများကြီးခံစားခဲ့ရ ပါတယ်။ ဒါကြောင့် အပြောင်းအလဲတခု လုပ်ဖို့ လိုအပ်လာပါတယ်” ဟု တရုတ်အစိုးရ၏ ထိပ်တန်း ပညာရှင်အဖွဲ့တခု ဖြစ် သည့် တရုတ်လူမှုသိပ္ပံ အကယ်ဒမီ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာလူမှုရေးနှင့် ယဉ်ကျေးမှုလေ့လာရေးဌာန အကြီးအကဲ ရှူလီပင်က ပြောသည်။
ယခုနှစ် ဇွန်လ အတွင်းတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်က မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့ပါသည်။
တရုတ်နိုင်ငံနှင့် ၎င်း၏ တောင်ဘက်မှ အိမ်နီးချင်း မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်စဉ် အနောက်အုပ်စု နိုင်ငံများက ဖယ်ကျဉ်ထားသည့် အချိန်ကထဲ နီးကပ်မှုရှိခဲ့သည်။
သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရက အရပ်သား အမည်ခံအစိုးရသစ်လက်သို့ အာဏာလွှဲပြောင်းပေးလိုက်ပြီး နောင်တွင် မြန်မာနိုင်ငံက ကချင်ပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံက ဦးစီးဆောက်လုပ်နေသည့် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်သည့် အတွက် တရုတ်အစိုးရ အထိနာခဲ့ရသည်။ မြစ်ဆုံဆည် ကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်သော ပြည်သူများ၏ အပြင်းအထန် ကန့်ကွက် မှုကြောင့် အစိုးရသစ်က ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ထိုအဖြစ် အပျက်က အချက်ပြလိုက်ခြင်း ဖြစ်သည်။“ဒီကိစ္စက တရုတ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်” ဟု ရှူလီပင်က ဆိုသည်။
စွန့်စားရမယ့် ကမ်းလှမ်းမှု
တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ သူ့ဘက်က တိတိကျကျ တုန့်ပြန်မှု မပြုခဲ့ဟု ဒေါက်တာ အေးမောင်က ပြောသည်။ သို့သော်လည်း ရခိုင်ပြည်နယ်မှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်မည့် လယ်ထွန်စက်များနှင့် စိုက်ပျိုးရေး စက်ကိရိယာများကို သဘောကျကြောင်း၊ ကျောင်းသားများအတွက် ပညာသင်ဆု ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
ရခိုင်ပြည်နယ် အနေဖြင့် အဆိုပါ အကူအညီများကို အသုံးပြုနိုင်မည်မှာ သေချာပါသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၄ ခုနှစ် အစီ ရင်ခံစာအရ ရခိုင်ပြည်နယ်တွင် ဆင်းရဲမွဲတေမှုနှုန်းက ၇၈ ရာခိုင်နှုန်းရှိသည်။
အလွန်တရာ လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုများ သေချာပါက ဒေသတွင်းတွင် ဒေါက်တာအေးမောင်၏ အနေအထားကို ပိုမို ခိုင်မာစေနိုင်သော်လည်း မြန်မာနိုင်ငံတွင် မြေသိမ်းယူခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် တရုတ်ဆန့်ကျင်ရေး သဘောထားများ အားကောင်းနေသည့်အတွက် တရုတ်အစိုးရနှင့် မိတ်ဆွေဖွဲ့ခြင်းတွင် စွန့်စားရမည့် ကိစ္စများလည်း ရှိနေသည်။
“ဒေါက်တာအေးမောင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက ဝေဖန်မှုတွေ အများကြီး ရှိခဲ့ တယ်။ ကျမတို့ လူငယ်တွေက အနောက်တိုင်းရဲ့ မူဝါဒနဲ့ အကူအညီကို သဘောကျတယ်။ တရုတ်မူဝါဒကို မကြိုက်ဘူး” ဟု နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁) တွင် ANP ပါတီကို ကိုယ် စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦးဖြစ်သော ဒေါ်ထုမေ ကပြောသည်။
အထူးစီးပွားရေးဇုန်တခုအပါအ၀င် နောက်ထပ် ဆယ်စုနှစ် ၂ ခုအတွင်း အကောင်အထည်ဖော်မည့် လက်ရှိစီမံကိန်းများ အားလုံးပေါ်ပေါက်လာပါက ကျောက်ဖြူရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ နီးပါးအထိ ရှိလာ လိမ့် မည်ဟု နိုင်ငံခြားရေးမူဝါဒ လေ့လာရေးအဖွဲ့အစည်းတခုဖြစ်သည့် Carnegie Endowment for International Peace မှ ရာဂျာမိုဟန်က ပြောသည်။
သို့သော်လည်း တည်ဆောက်ပြီးခဲ့သည့် ရေနံနှင့် သဘာဓာတ်ငွေ့ပိုင်လိုင်းများက ယခုအချိန်အထိ သူတို့အတွက် အလုပ် အကိုင်ဖန်တီး မပေးသေးဟု ဒေသခံများက ပြောကြသည်။
“ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ရင် ကျနော်တို့ အလုပ်သမားတွေကို ငှားရမ်းလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရောက်လာတဲ့အခါကျတော့ ထမင်းချက်တွေကတောင် တရုတ်လူမျိုးတွေဖြစ်နေတယ်” ဟု အသက် ၃၆ နှစ် အရွယ် ဒေသခံတဦး ဖြစ်သည့် ဦးထွန်းထွန်းနိုင်က ပြောသည်။
No comments:
Post a Comment