မဇ္ဈိမ
ရန်ကုန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲသို့ ၀င်ပြိုင်မည့် အမတ်လောင်းများတွင် ရှိသင့်သည့် အရည်အချင်းများနှင့် ပတ်သက်၍ သဘောထားတစ်စောင် ထုတ်ဝေထားသည်။ -
အမတ်လောင်းများတွင် ရှိသင့်သည်ဟု ဂိုဏ်းချုပ်ဆရာတော်က ယူဆသည့် အရည်အချင်း ၁၀ ချက်ကို စက်တင်ဘာလ အတွင်း ထုတ်ပြန်သည့် အဆိုပါ လက်ကမ်းစာစောင်အတွင်း ဖော်ပြထားသည်။ အမတ်လောင်းများအနေဖြင့် ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မည့် အစွမ်းအစရှိရမည်ဖြစ်ပြီး၊ လူမျိုးဘာသာမခွဲခြားဘဲ တန်းတူအခွင့်အရေး ကိုလေးစားလိုက်နာနိုင်စွမ်း၊ ကလေးလူငယ်များအတွက် လက်တွေ့ကျသော အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်စွမ်းတို့လည်း ထည့်သွင်း ထားသည်။
အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပြီး နိုင်ငံအရေးကိစ္စများဆုံးဖြတ်ရာ၌လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်စေနိုင်ရန် ဆောင်ရွက်ပေးနိုင်စွမ်း၊ သစ်တောများထိန်းသိမ်း ကာကွယ်ခြင်းနှင့် မြစ်ဆုံ စီမံကိန်းအားအပြီး ရပ်စဲခြင်း ကဲ့သို့သော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှာက် စီမံခန့်ခွဲနိုင်စွမ်းတို့လည်း အမတ်လောင်းများတွင် ရှိသင့်သည်ဟု ဆိုသည်။
တောင်သူလယ်သမားများ၏ မိရိုးဖလာလယ်ယာပိုင်ဆိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ကို ကာကွယ်ပေးနိုင်စွမ်း၊ စီးပွားရေးလုပ်ငန်းများကို လူတစ်စုက လက်ဝါးကြီးအုပ်ထားခြင်းမဖြစ်စေဘဲ ပြည်သူ အားလုံး တန်းတူအခွင့်အရေးဖြင့် အကျိုးခံစားခွင့်ရှိစေရန် ဖော်ဆောင်ပေးနိုင်စွမ်းရှိရမည်ဟုလည်းပါဝင်သည်။ ထို့ပြင် ပြည်တွင်းပြည်ပမှ ပညာရှင်တို့၏ အကူအညီဖြင့် ပညာရေးကို ဗဟိုမှ ချုပ်ကိုင်ထားခြင်းမရှိဘဲ လွတ်လပ်ခွင့်ပေးပြီး မြှင့်တင်ပေးနိုင်မည့်သူ၊ ကလေးမှစ၍ သက်ကြီးအရွယ်အထိ ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်စွာ လုပ်ဆောင် ပေးနိုင်မည့်အမတ်လောင်းလည်း ဖြစ်ရမည်ဟု ဂိုဏ်းချုပ်ဆရာတော်က ယူဆသည်။
နောက်ဆုံးအချက်အနေဖြင့် မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အတူ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးအား လေးစားတန်ဖိုးထားသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနိုင်မည့် အရည်အချင်းလည်းရှိရမည်ဟု ဖြစ်သည်။ တာဝန်ရှိသူများအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပွင့်လင်းမြင်သာပြီး သမာသမတ်ရှိစွာ ဆောင်ရွက်ပေးရန်သာမက ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင့်လည်း သမိုင်းပေးတာဝန် အဖြစ်မှတ်ယူ၍ တာဝန်ယူခြင်း အပြည့်ဖြင့် မဲပေးကြပါရန်လည်း တိုက်တွန်းဖော်ပြထားသည်။ ၀င်ပြိုင်မည့် ပါတီများကိုလည်း မှန်ကန်သော ယှဉ်ပြိုင်မှုဖြင့် တရားမျှတစွာပြိုင်ဆိုင်ကြရန်လည်း တိုက်တွန်း ထားသေးသည်။
No comments:
Post a Comment