Wednesday, October 21, 2015

ပြည်သူ့အကျိုး မထမ်းဆောင်နိုင်သည့် ကိုယ်စားလှယ်များ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဆလိုင်းသန့်စင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိပါကပြည်သူ့အကျိုးမထမ်းဆောင်နိုင်သည့်NLD ပါတီကိုယ်စားလှယ်များကို အရေးယူသွားမည်ဟုေ ဒ်ါအောင်ဆန်းစုကြည်က ယမန်နေ့က ရေကြည်မြို့ လူထုတွေ့ဆုံပွဲ၌ေ ပြောဆိုလိုက်သည်။

“ကျမကတော့ရိုးရိုးပဲပြောပါရစေ။ကျမတို့ကိုယ်စားလှယ်လောင်းများဟာ ပြည်သူတွေရဲ့မဲကြောင့် ကိုယ်စားလှယ်တွေဖြစ်သွားပြီဆိုရင် အဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ကိုက်ညီစွာ နိုင်ငံ့အကျိုး ပြည်သူ့အကျိုး မထမ်းဆောင်နိုင်တဲ့ ကိုယ်စားလှယ်တွေကို ကျမတို့အနေနဲ့ အရေးယူမှာပါလို ပြောနိုင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ ပါတီအောင်နိုင်ရေး မဲဆွယ်ခရီးစဉ်သွားရောက်ခဲ့ပြီး၊ ဂွမြို့မှတဆင့် ဧရာဝတီတိုင်း ရေကြည်မြို့နှင့် ကျုံပျော်မြို့များသို့ လာရောက်၍ မဲဆွယ်ဟောပြောမှုများ ပြုလုပ်ရာNLD ပါတီဝင်များနှင့် ပါတီကိုထောက်ခံသူ သောင်းနှင့်ချီ၍ တက်ရောက်နားထောင်ခဲ့ကြသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမဖြစ်နိုင်သော်လည်း NLD ပါတီအနိုင်ရခဲ့၍ အစိုးရဖွဲ့လျှင် သူမဦးဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေကြည်မြို့ ဟောပြောပွဲတွင်ထပ်မံပြောဆိုခဲ့သည်။

“ကျမကိုသမ္မတရာထူးပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလုပ်ရင်ကျမပဲဦးဆောင်ပါမယ်လို့ပြောချင်ပါတယ်။သမ္မတဆိုတာရာထူးတခုရဲ့အမည်နာမပါပဲ။သမ္မတလို့မခေါ်ရင်လည်းကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုကျမပဲဦးဆောင်မယ်ဆိုတာဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်”ဟုသူမကပြောသည်။

တနိုင်ငံလုံးရှိ မဲဆန္ဒနယ်၁၁၃၀နေရာ၌ NLD ပါတီကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၄၀၀၀ခန့်ရှိခဲ့ပြီး ၃၀၀၀နီးပါးကိုပယ်ချခဲ့ရကြောင်း၊ အဆိုပါကိုယ်စားလှယ်လောင်းများ ကိုယ်စားလှယ်ဖြစ်လာချိန်၌ ပြည်သူ့ဘဏ္ဍာအလွဲသုံးစား မလုပ်နိုင်ရေး ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က ဧရာဝတီတိုင်း ပြည်သူလူထုကို ကတိပြုပြောဆိုခဲ့သည်။

“ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းများဟာ လျှောက်လွှာတင်ကတည်းက မိမိတို့ရဲ့ ပိုင်ဆိုင်ခွင့်ကိုတင်ပြရပါတယ်။ ပိုင်ဆိုင်တွေခွင့်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်ကနေ အကြောင်းကြောင်းကြောင့် စိစစ်လို့ရှိရင် ခံပါ့မယ်လို့ ခံဝန်ချက်ထိုးရပါတယ်။ ဒါကြောင့် ကျမတို့အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများ ကိုယ်စားလှယ်တွေဖြစ်လာလို့ရှိရင် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေပစ္စည်းများကို အလွဲသုံးစားမလုပ်အောင်လို့ အဲ့ဒီလိုနည်းနဲ့ ထိန်းထားပါမယ်လို့ ကျမအနေနဲ့ကတိပေးပါတယ်”ဟု သူမကပြောသည်။

ထို့ပြင် ရေကြည်ဒေသတ၀ိုက်၌ အဖွဲ့အစည်းတခုက တံတားဆောက်၊ လမ်းဖောက်ခြင်းနှင့် မြစိမ်းရောင်ချေးငွေစီမံကိန်းများလုပ်ပေးခဲ့သည်ကို အကြောင်းပြ၍ မဲဆွယ်မှုများရှိနေသည်ဟု ကြားသိရကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့်လုပ်ပေးခဲ့သည့် ကိစ္စကို မိမိပါတီအဖွဲ့အစည်းအတွက် မင်္ဂလာယူသည့်ကိစ္စမျိုး မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။

“ကျမကြားရတာတော့ ဒီဘက်ပိုင်းမှာဆိုရင် အစိုးရက ဘာတွေလုပ်ခဲ့ပေးပါတယ်။ ဘယ်အဖွဲ့အစည်းကနေတံတားတွေဖောက်၊ လမ်းတွေဖောက်၊ မြစိမ်းရောင်စီမံကိန်းတွေလုပ်တာတွေ ပြောတယ်လို့ကြားရပါတယ်။ ဒီဟာတွေအားလုံးဟာ ပြည်သူ့ရဲ့ဘဏ္ဍာငွေတွေ၊ ပြည်သူပြည်သားတွေရဲ့ ပိုက်ဆံနဲ့လုပ်တဲ့ကိစ္စတွေပါ။ ပြည်သူပြည်သားတွေပိုက်ဆံကိုသုံးပြီးတော့ ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် မင်္ဂလာယူတယ်ဆိုတာ လုပ်သင့်တဲ့ကိစ္စမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”ဟုသူကပြောသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ မဲဆွယ်စည်းရုံးမှုခရီးစဉ်များ သွားရောက်ရာ၌ လူထုထောက်ခံမှု အများအပြားရရှိနေသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းမဲဆွယ်ခရီးစဉ်များ ပြီးဆုံးခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် သူမ၏မဲဆန္ဒနယ်ကော့မှူးတို့တွင် မဲဆွယ်ဟောပြောမှုများ ပြုလုပ်သွားရန်ရှိနေကြောင်း သိရသည်။

No comments: