Tuesday, October 6, 2015

ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲဖြစ်ရန် အမေရိကန် တောင်းဆို

လာလစ်ကေဂျာ / ဝါရှင်တန်


မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲများကို ယုံကြည်လက်ခံနိုင်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲအဖြစ် သေချာစေရန် အမေရိကန် အစိုးရက မြန်မာ အစိုးရကို တိုက်တွန်းလိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်နေသော မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည့် အချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ပတ်သက်သော အမေရိကန်၏ ကတိက၀တ်များကို ထပ်မံအတည်ပြု ပြောကြားခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။

“နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာတနိုင်ငံလုံးမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အ ပေါ် အရေးပါတဲ့ စမ်းသပ်ချက် တခုဖြစ်လာပါလိမ့်မယ်။ အများယုံကြည် လက်ခံနိုင်လောက်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ အားလုံး ပါ ၀င်နိုင်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ မြန်မာ အစိုးရကို နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ၀န်ကြီး ၂ ဦး တွေ့ဆုံဆွေးနွေးမှု အပြီးတွင်ပြော ကြားခဲ့သည်။

ဂျွန်ကယ်ရီနှင့် ဦးဝဏ္ဏမောင်လွင်တို့သည် နယူးယောက်မြို့တွင်ပြုလုပ်နေသော ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ရင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ “ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုဖို့ မြန်မာ အစိုးရက ကတိပြုတာကို သူ(John Kerry )က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကာလ အတွင်းမှာ ပြောဆိုစည်းရုံးမှုတွေ ကို ကန့်သတ် ပိတ်ပင်ခြင်းနဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူနည်းစု ဘာသာဝင်တွေ မဲပေးခွင့် မရတဲ့ အတွက် စိုးရိမ်တဲ့ အကြောင်းကိုတော့ ထောက်ပြပြောဆိုခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက John Kirby က ဆိုသည်။

တွေ့ဆုံစဉ် အတွင်း ဂျွန်ကယ်ရီက ပြောင်းရွှေ့အခြေချခြင်း၏ အကြောင်းရင်းကို ဖြေရှင်းရန်နှင့် မြန်မာအစိုးရက ဘင်ဂါလီဟုခေါ်ပြီး နိုင်ငံတကာက “ရိုဟင်ဂျာ”ဟုခေါ်နေသူများ အတွက် လွတ်လပ်စွာ လှုပ်ရှားခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့် အပြည့်အ၀ ရရှိရေး၏ အရေးကြီးပုံတို့ကို အလေးအနက် ပြောကြားခဲ့သည် ဟု ဆိုသည်။

ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်းမှ ပုံမှန်မဟုတ်သည့် ထွက်ပြေးပြောင်းရွှေ့မှုများကို ဖြေရှင်းရန် အတွက် ဒေသတွင်းမှ အားထုတ်မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု John Kirby က ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့ညနေပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောရာတွင် ဦးဝဏ္ဏမောင်လွင်က နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ မျှတမှုရှိပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများ ဖြစ်လိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အခိုင်အမာ ပြောကြားခဲ့သည်။ အစိုးရက ပြည်တွင်းမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ လုပ်ဖော်ကိုင်ဘက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၄ နှစ်ခွဲ ကာလအတွင်းတွင် မြန်မာအစိုးရက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဦးဝဏ္ဏမောင်လွင်က အခိုင်အမာ ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့အတိုင်းအတာနဲ့ ပတ်သက်လို့ ကျေနပ်ရောင့်ရဲမှု မရှိသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား အခြေအနေတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရယူရေးတွေ၊ နိုင်ငံတည်ဆောင်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေး တွေကို ဖန်တီးပေးနိုင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းဆန်လို့ မရပါဘူး” ဟု သူက ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် အခြေအနေများ ပြောင်းလဲခဲ့ပြီ ဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။ အစိုးရက ပဋိပက္ခအသစ်များ ထပ်မံပေါ်ပေါက်မလာရေး ဆောင်ရွက်ခဲ့သည်သာမက ကိုးကွယ်ရာ ဘာသာများကြားတွင် ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မြှင့်တင်ခြင်းနှင့် လူ့အသိုင်းအ၀ိုင်းများနှင့် အသိုင်းအ၀ိုင်းခေါင်းဆောင်များကြား ဆွေးနွေးပြောဆိုမှုများ ပေါ်ပေါက်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သည်ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ယခုအခါတွင် အစိုးရက ဒီမိုကရေစီအတွက် အခြေခံ အုတ်မြစ်ကို တောင့်တင်းခိုင်မာလာအောင် ပြုလုပ်နေသည်ဟု ပြော သည်။ ပြုပြင်ပြောင်းလဲရေးများက ဒီမိုကရေစီအတွက် နေရာပိုမိုကျယ်ပြန့်လာစေပြီး စီးပွားရေးစွမ်းဆောင်ရည်များ တိုး တက်လာစေခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွာခြားမှု ပိုမိုကျဉ်းမြောင်းလာစေခဲ့သည်ဟု သူက ဆိုသည်။

“နုနယ်သေးတဲ့ ဒီမိုကရေစီရဲ့ ထုံးစံအတိုင်း စိန်ခေါ်မှုတွေကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် ဒါတွေကို ကျော်လွှား နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။

လူ့အခွင့်အရေးပြဿနာများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အချို့က နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချနေခြင်း ဖြစ် သည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ “လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာတွေကို နိုင်ငံရေးအရ အသုံးချမှုတွေက တိုးလာနေပါတယ်။ တကမ္ဘာလုံးကို အခြေခံမှု၊ ဓမ္မဓိဌာန်ကျမှုနဲ့ ဘက်မလိုက်မှု စတဲ့ အခြေခံစည်းမျဉ်းတွေက စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု သူကဆိုသည်။

လူ့အခွင့်အရေးကောင်စီရဲ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအတွက် အလှည့်ကျ ပုံမှန် သုံးသပ်စစ်ဆေးခြင်း (Universal Periodic Review) ဆိုတာ လူ့အခွင့်အရေးမြင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေကို ဓမ္မဓိဌာန်ကျကျ၊ ဘက်မလိုက်ဘဲ ညီမျှစွာ အကောင်းဆုံးဖြေ ရှင်းပေးနိုင်တဲ့ ဆွေးနွေးပွဲတခုလို့ မြန်မာနိုင်ငံက ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်” ဟု ဦး ၀ဏ္ဏမောင်လွင်က ပြောသည်။

No comments: