Saturday, October 10, 2015

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အနီးတွင် တိုက်ပွဲများ ဖြစ်ပွား

နန်းလွင်နှင်းပွင်


ကရင်ပြည်နယ် ကော့ကရိတ်မြို့မှ မြ၀တီမြို့သို့သွားသည့် လမ်းဟောင်း ကောင်းမှု ကျေးရွာ ဝန်းကျင်တွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားသည် ဟု သတင်းရရှိသည်။

တိုက်ပွဲ ဖြစ်သည့် အဖွဲ့များသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ထုတ်ပယ်ထားသည့် ကလို့ထူးဝါး ဗျူဟာအဖွဲ့များ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ ကော့ကရိတ်မြို့ ကောင်းမှု ကျေးရွာ ဝန်းကျင်တွင် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ဖြစ်ပွားခဲ့သည်ဟု DKBA မှ ထုတ် ပယ် ခံထားရသည့် ဗိုလ်မှူးကြီး စောဆန်းအောင်က ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးကြီး စောဆန်းအောင်က “လမ်းဟောင်းဘက်မှာ ကျနော်တို့နဲ့ ပတ်သတ်တဲ့ အဖွဲ့တွေ ကျန်နေပါတယ်၊ BGFနဲ့ ပစ်ခတ်မှုက ဒီလတွေထဲမှာ တောက်လျှောက် ရှိနေပါတယ်၊ တောထဲမှာဆိုတော့ သတင်းမထွက်တာပါ၊ လက်ရှိမှာ တဖက်က အင်အားကြီး နေ တော့ ကျနော်တို့ ပြောက်ကျားစနစ်နဲ့ပဲ နေနေပါတယ်”ဟု ပြောပြသည်။

တိုက်ပွဲတွင် DKBAမှ ထုတ်ပယ်ထားသည့်အဖွဲ့များကို တဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

BGF အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ အကြမ်းဖက်နှိမ်နင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ပစ်ခတ်မှုဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

၎င်းက“ဟုတ်ပါတယ်၊ အခု အလုပ်အရမ်းရှုပ်နေလို့ မဖြေနိုင်သေးပါဘူး”ဟုလည်း ဧရာဝတီကို ပြောသည်။

BGF နှင့် ပစ်ခတ်မှု ဖြစ်ပွားသည့်အဖွဲ့သည် ယခင်က DKBA ၏ ကလို့ထူးဝါး စစ်ဗျူဟာမှ ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်းများ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်းက ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် ကလို့ထူးဝါးစစ်ဗျူဟာသည် ကော့ကရိတ်မှ မြ၀တီသို့သွားသည့် လမ်း တွင် အခွန်ကောက်သည့် ဂိတ်များ ထားရှိခြင်းနှင့် ပတ်သက်၍ တပ်မတော် ၊ BGF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် စောကျော်သက်အဖွဲ့ကို ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ထို့အတူ ဗိုလ်မှူးချုပ် စောကျော်သက်တို့နှင့် ပူးပေါင်းခဲ့သည့် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် အဖွဲ့ကိုလည်း ရာထူးမှ ထုတ်ပယ်ထားသည်။

DKBA စစ်ဌာနချုပ်မှ ရာထူးများ ထုတ်ပယ်ပြီးနောက်တွင် ကရင်ပြည်နယ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကလည်း ၎င်းတို့ကို ၀ရမ်း များ ထုတ်ထားသည်ဟု ဆိုသည်။

ကလို့ထူးဝါးစစ်ဗျူဟာရှိ တပ်ရင်းများသည် ဇူလိုင်လ တိုက်ပွဲဖြစ်ပွားစဉ်တွင် တိမ်းရှောင်ရင်း ယခင်က ၎င်းတို့ တပ်စခန်းပိုင်မြေများ ဖြစ်သည့် ကော့ကရိတ်မြို့ အနီးတ၀ိုက်နှင့် မြိုင်ကြီးငူဒေသများတွင်ပင် တပ်စခန်းချကာ ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး BGF နှင့် တပ်မတော် သည် ၎င်းတို့ တပ်စခန်းများကို သိမ်းယူလိုက်သဖြင့် ထိပ်တိုက်တွေ့သည့်အခါမျိုးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု သိရသည်။

DKBA မှ ထုတ်ပယ်လိုက်သည့် အဖွဲ့များသည် အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်သေးသဖြင့် သဘော မကျကြောင်း၊ အဖွဲ့ ၈ ဖွဲ့တည်းဖြင့် NCA ကိုသွားမည်ဆိုလျှင် ကောင်းမွန်သည့် လက္ခဏာများ ဖြစ်လာမည် မဟုတ်ကြောင်း၊ ၎င်းတို့ အဖွဲ့များကို NCA နှင့် ပတ်သက်၍လည်း ရှင်းလင်းပြောပြစေလိုကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

“အစိုးရလုပ်နေတာက တတိုင်းပြည်လုံးအပစ်ရပ်လို့ နာမည်ပဲ တပ်ထားတာ၊ တချို့ တ၀က်တောင်မပါဘဲ လက်မှတ် ထိုးမယ် ဆိုတော့ ကောင်းတဲ့ လက္ခဏာမတွေ့ရဘူး၊ ကျနော်တို့ကိုလည်း BGF နဲ့ အပြတ်ချေမှုန်းမယ့် ပုံ လုပ်နေတယ်၊ ကျနော်တို့က အမြစ်ပြုတ်ဖို့တော့ မရှိဘူး၊ ဒီအတိုင်းဆို ပိုကြီးထွားလာဖို့ပဲရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ပြည်တွင်း ပြည်ပမှ ကရင်အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးမပါဝင်ဘဲ ထိုးမည့် NCA စာချုပ်တွင် ကရင်လက်နက်ကိုင်များ လက်မှတ်ထိုးမည်ကိုမလိုလားပါဟု အောက်တိုဘာလ အတွင်းကပင် ကန့်ကွက် ကြောင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ မှ တပ်သားသစ်များ လိုက်လံ စုဆောင်း နေသည်ဟုဆိုကာ ကရင်ရွာသူ ရွာသား ၂၀၀၀ နီးပါးသည် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် ယခင်က DKBA ထိန်းချုပ်နယ်မြေဖြစ်ပြီး ယခု BGF နှင့် တပ်မတော်က သိမ်းထားသည့် မြိုင်ကြီးငူ (ကရင်ပြည်နယ် သာသနာ့နယ်မြေ) ဒေသတွင် ခိုလှုံနေကြရသည်။

No comments: