Wednesday, October 21, 2015

အကောင့်တုတွင် ဆဲဆိုမှုကြောင့် Facebook သုံးစွဲသူတဦး အဖမ်းခံရ

သူဇာ


လူမှုကွန်ရက် Facebook တွင် နာမည်တူ အကောင့်အတုဖွင့်ခံရပြီး ၄င်းအကောင့်တုမှ အစိုးရ အရာရှိဟောင်းများနှင့် အစိုးရ အရာရှိများကို ဆဲဆိုခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ်တွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုလူဇော်စိုးဝင်းကို အောက်တိုဘာလ ၁၆ ရက် ညပိုင်းက ဒေါပုံမြို့နယ်ရဲစခန်းမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ကိုလူဇော်စိုးဝင်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကိုတော့ ဒေါပုံမြို့နယ် ရဲစခန်းမှူးက တိတိကျကျ မရှင်းပြခဲ့သော်လည်း လက်ရှိတွင် ကိုလူဇော်စိုးဝင်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် ယာယီ အမှုဖွင့်ထားကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားခဲ့သည်။

“ အခု ကျနော်အပြင်ရောက်နေတဲ့အတွက် ဖြေကြားလို့ အဆင်မပြေပါဘူး။ အခု လက်ရှိမှာတော့ သူ့ကို ပုဒ်မ ၆၆ (ဃ) နဲ့ ယာယီ အမှုဖွင့်ထားတယ်ဆိုတာကတော့ ဟုတ်ပါတယ်” ဟု ဒေါပုံမြို့နယ် ရဲစခန်းမှူးက ဆိုသည်။

ကိုလူဇော်စိုးဝင်း မှတ်ပုံတင် ဓာတ်ပုံကို သုံးစွဲထားသည့် Zaw Htoo Mg အမည်နှင့် ဖေ့ဘုတ်အကောင့်တု တခု မကြာခင် ရက်ပိုင်းက ပေါ်လာပြီး အစိုးရအရာရှိများကို ဆဲဆိုထားကြောင်း တွေ့ရှိရသည့်အတွက် ကိုလူဇော်စိုးဝင်းက Facebook သူငယ်ချင်းများကို အကူအညီတောင်းခဲ့ရာ ယင်းအကောင့်ကို report ၀ိုင်းလုပ်ခဲ့ကြောင်း ကိုလူဇော်စိုးဝင်း၏ မူရင်းအကောင့်တွင် အသိပေးရေးသားထားချက်အရ သိရသည်။

အကောင့်အတု မပေါ်ခင် ရှေ့ပိုင်းက ကိုလူဇော်စိုးဝင်းသည် အသက် ၂၈ နှစ်ပြည့်မှ မှတ်ပုံတင် ရရှိခဲ့သည်ကို ဂုဏ်ယူသည့်အနေနှင့် ၄င်းမှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ်တွင် နှစ်ရက်ခန့် တင်ခဲ့ကြောင်း၊ ယင်းမှတ်ပုံတင်ဓာတ်ပုံကို အကောင့်အတု ဖွင့်သူမှ ယူကာ cover photo တွင် သုံးစွဲပြီး အစိုးရအရာရှိများကို ဆဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

“အဖမ်းမခံရခင် တရက်၊ နှစ်ရက်လောက်ကတည်းက သူ့နာမည်နဲ့ အကောင့်အတုဖွင့်ပြီး အစိုးရကို ဆဲဆိုနေလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး မေးသေးတယ်။ နောက်ရက်ပဲ သူသုံးနေတဲ့ မူရင်းအကောင့်အစစ် လော့ကျသွားပြီး တရက်လောက်နေ့မှ လော့ပြန်ရတော့ ဖေ့ဘုတ်က နာမည်ပြောင်းခိုင်းလို့ Lu Zaw Soe Win နာမည်ပြောင်းလိုက်ရတယ်လို့ Facebook မှာ ကျမကို ပြောသေးတယ်” ဟု ရှစ်နှစ်ကျော် သူနှင့် ခင်မင်ခဲ့သူ သူငယ်ချင်းတဦးက ဆိုသည်။

ကိုလူဇော်စိုးဝင်း၏ Facebook အကောင့်အစစ်သည် Ko Pu Tu နာမည်နှင့် သုံးစွဲခဲ့ပြီး ၄င်းတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စမှ ရေးသား ပြောဆိုထားခြင်း မရှိဘဲ ၀ါသနာရှင်အဆင့် သီချင်းဆို ၀ါသနာ ပါသူ တဦးအနေဖြင့် Facebook သူငယ်ချင်းများစွာ ရှိပြီး ပရဟိတ လုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည့် လူငယ်တဦး ဖြစ်ကြောင်း၊ သူငယ်ချင်းဓာတ်ပုံများ ၄င်းခံစားချက်များကိုသာ Facebook တွင် ရေးသားသူ တဦးဖြစ်ကြောင်း ၄င်းသူငယ်ချင်းများက ဆိုသည်။

သူအဖမ်းမခံရခင် အောက်တိုဘာလ ၁၄ ရက်နေ့က ယင်းသို့ အကောင့်အတု ဖွင့်ပြီး အစိုးရအရာရှိများကို ဆဲဆိုထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါပုံရဲစခန်းသို့ အသိပေးတိုင်ကြားခဲ့သေးကြောင်း ၄င်းမူရင်း စာမျက်နှာတွင် အဖမ်းမခံရခင်နေ့ ညနေ သုံးနာရီခွဲတွင် ရှင်းပြခဲ့သည်အား တွေ့ရသည်။

ယခု ရက်ပိုင်းများအတွင်း အီလက်ထရောနစ် ပုဒ်မနှင့် ဖမ်းဆီးခံခဲ့ရသည်မှာ ကိုလူဇော်စိုးဝင်းသည် တတိယမြောက် ဖြစ်ပြီး ပထမ တဦးမှာ မအူပင်မြို့နယ်တွင် နေထိုင်သည့် NLD ပါတီဝင် မချောစန္ဒီထွန်း (ခ) ချစ်သမီးနှင့် ဒုတိယတဦးမှာ လှိုင်မြို့နယ်တွင် နေထိုင်သူ ဦးပက်ထရစ်ခွန်ဂျာလီ ဖြစ်သည်။

တပ်မတော်က အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံ အရောင်သစ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အ၀တ်အစား အရောင်တို့အား ဖေ့ဘုတ် လူမှုကွန်ရက်တွင် နှိုင်းယှဉ် ပြောဆိုခဲ့သဖြင့် မချောစန္ဒီထွန်းကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးပက်ထရစ်ခွန်ဂျာလီကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝေငှခဲ့သည်ဟု စွပ်စွဲပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရသည်။

ပက်ထရစ်ခွန်ဂျာလီနှင့် ချောစန္ဒီထွန်းတို့ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီ၌ အောက်တိုဘာ ၁၅ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ဖို့အတွက် ဒီလိုဥပဒေတွေ သုံးတာဟာ ဒီမိုကရေစီသဘောတရားနဲ့ တိုက်ရိုက် ဖီလာဆန့်ကျင်ဖြစ်နေသလို အစိုးရက ပြောထားတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့လည်း ဆန့်ကျင်နေပါတယ်။ စစ်ဘက်နဲ့ တခြားအစိုးရအဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးပြောဆိုခြင်း အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းထဲမှာ တသားတည်း ပါဝင်နေတာပါ။ ဒီပုဂ္ဂိုလ်တွေကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဏာပိုင်များကို ကျနော်တို့ တောင်းဆိုပါတယ်’ ဟု ပြောကြားခဲ့သည်။”

No comments: