Friday, October 23, 2015

ဥပဒေနှင့်မညီသော မဲဆွယ်မှုများ UEC အရေးမယူဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

မေစစ်ပိုင်


၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရာတွင် ဥပဒေချိုးဖောက် မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ထံသို့ တိုင်ကြားထားမှု များ ရှိနေ သော်လည်း ထိရောက် သောအရေးယူမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ မဲဆွယ် စည်းရုံး ရေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“တချို့ပါတီတွေက ပုဂ္ဂိုလ်တွေက အောက်တန်းကျကျစည်းရုံးရေးတွေလုပ်နေတယ်လို့ ကြားနေရတယ်။ ဒီကိစ္စနဲ့ ပတ် သက် လို့ ကျမတို့က ကော်မရှင်ကိုတင်ပြထားတာရှိတယ်။ ထိထိရောက်ရောက်အရေးယူတာမတွေ့သေးဘူး။ ကျမ တို့က ဘယ်ဥပဒေစည်းကမ်းကိုမှ ချိုးဖောက်ပြီး စည်းရုံးရေးမလုပ်ခဲ့ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ အဖွဲ့အစည်း တွေကို တိုက်ခိုက် တာလည်း လုပ်ငန်းပိုင်းဆိုင်ရာကလွဲလို့ တိုက်ခိုက်မှုမလုပ်ခဲ့ဘူး။ မဲပေးဖို့အတွက် စည်းရုံးရေးလုပ်တာတောင် မှန်မှန် ကန်ကန်မလုပ်ရင် အာဏာသာရရင် စဉ်းစားသာကြည့်ပါတော့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတ၀န်းအပြောင်းအလဲများ ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူများအားလုံး မဲပေးကြရန်လိုအပ်ကြောင်း၊ အပြောင်း အလဲအတွက် အနာဂတ်ကို ရဲဝံ့စွာဖြင့် ညီညီညွတ်ညွတ် လက်တွဲ ကြိုးစားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“အနစ်နာခံခဲ့တယ်လို့ ပြောတိုင်း မယုံကြပါနဲ့၊ အဲလိုပြောပြီး ဘယ်တော့အကြွးတောင်းမလဲမသိဘူး။ ကျမတို့လုပ်တာ ယုံကြည်ချက်အရ ရွေးချယ်မှုအရ လုပ်တာ။ ဘယ်သူမှ အတင်းလုပ်ခိုင်းတာမဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲ လိုဖြစ်လာ မှာ လား ဆိုတဲ့စိုးရိမ်မှုတွေရှိကြတယ်။

အခုက ၂၀၁၅ ဖြစ်နေပြီ ခေတ်ပြောင်း ပြည်သူတွေအမြင်လည်း ပြောင်းသွားပြီ။ ညီညီ ညွတ်ညွတ်ဖြစ်လာရင် အားလုံအးတူလက်တွဲပြီးကြိုးစားရမယ် အနာဂတ်ကိုရဲဝံ့ရင်ဆိုင်နိုင်ရမယ်။ ပြောင်းလဲချိန် တန်ပြီ ဆိုတာ ဒါကိုပြောတာပါ ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တာချီလိတ်မြို့ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲတွင် အဂတိ လိုက်စားမှုကိစ္စ၊ စီးပွားရေး ကိစ္စ၊ NLD ပါတီအား မဲပေးရေးကိစ္စ တို့ကိုလည်း ထည့်သွင်းပြောဆိုသွားသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ကျိုင်းတုံမြို့တွင် အောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

No comments: