Saturday, November 21, 2015

မန္တလေးတိုင်းအတွင်း မဲ မပေးသူ ၁၂ သိန်းခန့် ရှိဟု ဆို

မြတ်ပြည့်ဖြိုး


နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ၌ မန္တလေးတိုင်းအတွင်း မဲဆန္ဒရှင် ဦးရေ ၁၂ သိန်းခန့် မဲပေးမှု မရှိခဲ့ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောသည်။

ယင်း မဲဆန္ဒရှင် အရေအတွက်သည် မဲစာရင်း ဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

“အိမ်ထောင်စုစာရင်းရှိပြီး လူမနေတဲ့ စာရင်းတွေလည်းပါတယ်။ အဲဒီစာရင်းတွေက ဥပဒေအရ သူတို့ကိုလည်း မဲစာရင်းမှာ ထည့်ပေး ထားရတယ်။ အဲဒီလိုလူတွေက လာမပေးတာတွေ များပါတယ်”ဟု ဦးအောင်ထွဋ်က ပြောပြသည်။

ထိုသို့ မဲမပေးကြသူ ဦးရေများရခြင်း၏ အကြောင်းရင်းသည် မန္တလေးတိုင်း အတွင်းရှိ လူနေထူထပ်ပြီး စီးပွားရေးအရ မြေ အရောင်း အ၀ယ် ဖြစ်လွယ်သည့် မန္တလေး ခရိုင်၊ မိတ္ထီလာ ခရိုင် တို့ရှိ မြို့နယ်တချို့တွင် မြေကွက်များ ၀ယ်ယူထားကြသူများက အိမ်ထောင်စု စာရင်း (ပုံစံ ၆၆/၆) အမည်ပေါက်ဖြင့် ၀ယ်ယူထားကြသော်လည်း ထိုဒေသများတွင် မနေထိုင်ကြဘဲ ၀န်ထမ်းများ အနေများသည့် ရပ်ကွက်များတွင် လုပ်ငန်းအရပြောင်းရွှေ့သွားကြသူများ ဖြစ်ကြောင်း၊ ပြောင်းရွှေ့သွားကြသော်လည်း အိမ်ထောင်စု စာရင်းများတွင် ကျန်ရှိနေဆဲဖြစ်သဖြင့် မဲစာရင်း ကောက်ယူရာတွင် ပါဝင်ခဲ့ကြပြီး မဲလာမပေးကြခြင်း ဖြစ်ကြောင်းလည်း ဦးအောင်ထွဋ်က ပြော သည်။

အိမ်ထောင်စု စာရင်းတွင် ပါဝင်ပြီး ဒေသတွင် နေထိုင်မှု မရှိသူဦးရေ တစ်သိန်းခန့်သည် မန္တလေးခရိုင် မဲစာရင်းတွင် ပါရှိသကဲ့သို့ ရွေးကောက်ပွဲနေ့တွင် မန္တလေး၌ ပုံစံ – ၃(က)ဖြင့် မဲပေးရန် လျှောက်ထားသူများက မူလနေရပ်သို့ မဲပြန်ပေးခြင်းလည်းရှိပြီး အကြောင်း အမျိုးမျိုးကြောင့် မဲမပေးလိုက်ရသူများလည်း ရှိကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ရက် (မန္တလေး) တာဝန်ခံ ဦးညီညီကျော်ကလည်း ပြောဆိုသည်။

“မဲစာရင်း ဖောင်းပွနေလို့ပါ။ ဒါကြောင့် မဲပေး ရာခိုင်နှုန်း လွဲသွားတာ၊ ရွေးကောက်ပွဲနေ့မှာ အမှန်တကယ် မဲမပေးတဲ့သူက ကျနော် တို့ လေ့လာမိတဲ့ အတိုင်းအတာအရဆိုရင် ထောင်ဂဏန်းလောက် ပါပဲ”ဟုလည်း ဦးညီညီကျော်က ပြောသည်။

မဲစာရင်းတွင် အမည်စာရင်းပါဝင်ပြီး မဲမပေးခဲ့ရသည့် မန္တလေးမြို့ခံ တက္ကသိုလ်ကျောင်းသူ မဖြိုးဖြိုးဇော်က“ရွေးကောက်ပွဲနေ့က မဲ မပေးလိုက်ရဘူး။ မနက်အစောကြီး သွားကြည့်တော့ တန်းစီနေတာတွေ့လို့ ပြန်လာခဲ့တယ်။ နေ့လယ် လူရှင်းချိန်ကျ အလုပ် မအား ဘူး ဖြစ်သွားတဲ့အတွက် မဲမပေးဖြစ်လိုက်တာပါ”ဟု ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးတွင် မဲပေးနိုင်သည့် လူဦးရေ ၄၄ သိန်းကျော်ရှိရာ ၇၃ ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြကြောင်း တိုင်းရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာ ထားသည်။

No comments: