Monday, November 23, 2015

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် တရားရင်ဆိုင်နေရသူများအမှု ပိတ်သိမ်းပေးရန် တောင်းဆို

ဇူးဇူး


နိုင်ငံတော် သမ္မတ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုအသုံးပြုလျက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်နှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသူများ၏ အမှုများကို ပိတ်သိမ်းပေးရန် နိုင်ငံရေး အကျဉ်းသား ဆိုင်ရာ အဖွဲ့များက တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်ကို နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့ အပါအ၀င် အဖွဲ့အစည်း ၁၄ ဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာ ချက် ထုတ်ပြန်၍ တောင်းဆိုခြင်း ဖြစ်သည်။

တောင်းဆိုသည့် အဖွဲ့များမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (UNDO)၊ ၇၄-၇၅-၇၆ သပိတ်မှောက် အကျဉ်းကျ အလုပ်သမားဟောင်းကြီးများ ကွန်ရက်၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ နိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (141 Plus)၊ မျိုးဆက်လှိုင်း (Generation Wave)၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ အ. က. သ(၈၈ မျိုးဆက်)၊ တောင် သူလယ်သမား အခွင့်အရေး ကာကွယ်မှု ကော်မတီ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)(မြေလတ် ဒေသ) နှင့် Aciton Labour Rights တို့ဖြစ်ကြသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရာတွင် အင်အားစုအားလုံးပါဝင်ရန်နှင့် အားလုံး၏ ဆန္ဒသဘောများ ထင်ဟပ်ပေါ်လွင်စေရန်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်ကြည်က ဧရာဝတီသို့ ပြောသည်။

“ရည်ရွယ်ချက်က စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒီမိုအကရေစီ အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေ အားလုံးဟာ ကျောချင်း ကပ် လက်ချင်းယှက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးပဲဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ယခုကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ အကျဉ်းထောင်များတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုတို့ကြောင့် မဟုတ်ဘဲ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံသားအခွင့်အရေး နှင့် နိုင်ငံရေးအခွင့် အရေး တို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့၍ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသူများ ရှိနေခြင်းသည် လုံးဝမလျော်ကန်သော အခြေအနေဖြစ်ကြောင်း အဖွဲ့အစည်း ၁၄ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်ပြီး အဖွဲ့အစည်း ၁၁ ဖွဲ့က တနိုင်ငံလုံး အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် ကိုအောင်မှိုင်းဆန်း အပါအ၀င် ဗကသ အဖွဲ့ဝင် ၁၃ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းကို ယာယီရပ်တန့်ပေးရန် နိုဝင်ဘာ ၁၆ ရက်တွင် မေတ္တာရပ်ခံခဲ့ပြီးနောက် ယခု တောင်းဆိုချက်ကိုပါ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၀၀၀ ကျော် လွှတ်ပေးခဲ့သော်လည်း ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခြင်းခံရသော နိုင်ငံရေးအကျဉ်းသား ဦးရေ ထပ်မံတိုးပွားလာနေခြင်းကြောင့် ယင်းတို့လွတ်မြောက်ရေး အတွက် ဆက်လက် တောင်းဆိုနေကြရခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ အရေး ဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး၌ ထောင်ကျနေသူ နိုင်ငံရေး အကျဉ်းသား ၁၂၆ ဦးရှိပြီး တရား ရင်ဆိုင်ဆဲ အကျဉ်းသား ပေါင်း ၄၇၇ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ စာရင်းအရ သိရသည်။

No comments: