Monday, November 23, 2015

စစ်ပွဲများရပ်ရေး အစိုးရက တရားဝင် ဆုံးဖြတ်နိုင်သူများနှင့် တွေ့ဆုံရန် လိုအပ်ဟု ဆို

ဟိန်းကိုစိုး

SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီနှင့် အစိုးရတပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရေး၊ တရားဝင် ဆုံးဖြတ်နိုင်သူများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းစုက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများနှင့် ပက်သက်ပြီး SSPP နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန်ဟုဆိုကာ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးခင်မောင်စိုး(လျှပ်စစ်စွမ်းအားဝန်ကြီး) က SSPP/SSA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဗိုလ်မှူး စိုင်းနော်လိတ်ထံသို့ နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီ အချိန်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

"အခု ကျွန်တော်တို့ သွားပြီး ဆုံးဖြတ်နိုင်မယ်လို့ မယူဆနိုင်သေးဘူး၊ သူတို့ကလာပြီး စတိုက် တာ၊ စာရွက်စာတမ်းနဲ့ ပေးပို့ အကြောင်းကြားတာလည်း မဟုတ်ဘူး။ နုတ်အားဖြင့်နဲ့ပဲ ပြောတယ်ဆို တော့၊ တရားဝင် စာရွတ်စာတမ်းနဲ့ အဓိကထား ပေးပို့တယ်ဆိုရင် သွားဆွေးနွေးမှာ ဖြစ်ပါတယ်။ အခုက ဖုန်းနဲ့ ညှိနှိုင်းမယ်လို့ပဲ ဆက်သွယ်တော့ ညှိနှိုင်းမယ့် လူပဲ သွားတာဖြစ်ပါတယ်" ဟု ဗိုလ်မှူး စိုင်းစုက ပြောသည်။

နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရတပ်နှင့် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တပ်မတော်ဖက်က ခိုလံတွင် လက်နက်အင်အား ဖြည့်တင်းသည့်များ ရှိနေသည်ဟု ဗိုလ်မှူးစိုင်းစုက စွပ်စွဲ ထားပြောဆိုသည်။

"ကျွန်တော်တို့ သတင်းတပ်သားတွေက အမြဲသတင်းပေးနေတယ်။ မနေ့ကတောင်ကြီးကနေ၊ ခိုလံကို ကား၂၅ စီးက အရှည် ၂ တောင်၊ အမြင်တစ်တောင်လောက်ရှိတဲ့ လက်နက်ခဲယဉ်းဖုံးတွေ သယ်ပြီးလာချတာ၊ နောက်ပြီး ကာလိဖက်ကို ကား ၁၆ စီး ဆင်းသွားတယ်။ ဒါတွေက လက်နက်ဖြည့် တင်းနေတော့ နောက်နေ့ဆို တိုက်နိုင်တယ်လို့ ဆိုလို့ရတယ်" ဟု ၎င်းက ပြောသည်။

အစိုးရအနေဖြင့် ညှိနှိုင်းမှုများ ပြုလုပ်မည်ဟု ဆိုသော်လည်း တပ်ပိုင်းဆိုင်ရာက အင်အားဖြည့် တင်းမှုများ ရှိသဖြင့် တိုက်ပွဲအရေး ဆုံးဖြတ်နိုင်သူများ ဆွေးနွေးရန် လိုအပ်သည်ဟု ဆိုသည်။
ဦးခင်မောင်စိုးက ဖုန်းဖြင့် အကြောင်းကြားသည့် ကိစ္စနှင့် ပက်သက်ပြီး မြန်မာငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး ဗဟိုဌာန အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက "မီဒီယာတွေကတော့ ပြော တယ်၊ တွေ့ရင်လည်း တွေ့ကြတာ ဖြစ်နိုင်တာပေါ့။ ဦးခင်မောင်စိုးဆိုတာလည်း UPWC မှာလည်း ပါပြီး SSPP ဖက်ကို အဓိက တာဝန်ယူတဲ့သူ ဖြစ်တော့ သူ့အနေနဲ့ တာဝန်ယူလုပ်တာပေါ့" ဟု မဇ္ဈိမကို ပြောသည်။

ဦးခင်မောင်စိုး၏ တယ်လီဖုန်းဖြင့် အကြောင်းကြားမှုကြောင့် SSPP/SSA ဖက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် ဗိုလ်မှူးစိုင်းနော်လိတ်နှင့် ရုံးအဖွဲ့ဝင်တို့က ညှိနှိုင်းရန်ရန်ကုန်သို့ နိုဝင်ဘာ ၁၉ ရက်ညက ထွက်ခွာခဲ့ပြီး၊ ရန်ကုန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ အစိုးရဖက်က ညှိနှိုင်းသည့် အကြောင်းအရာကိုမူ မသိရှိရသေးဘူးဟု ဗိုလ်မှူး စိုင်းစုက ဆိုသည်။

SSPP/SSA နှင့် အစိုးရတပ်တို့က အောက်တိုဘာ ၆ ရက်မှစတင်ကာ ရှမ်းပြည်တောင်ပိုင်း မြို့နယ်အများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ရသူ တစ်သောင်းကျော်ထိ ရှိနေပြီဟု SSPP/SSA က ခန့်မှန်းထားသည်။

No comments:

Post a Comment