စံမောင်သန်း
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း မြောက်ပြင်ကျေးရွာတွင် သြဂုတ်လ ၁၆ ရက်နေ့က အသက် ၁၂ အရွယ် သမီးဖြစ်သူအား မုဒိမ်းပြုကျင့်သွားခဲ့သူကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူပေးပါရန် မိခင်ဖြစ်သူက ပန်ကြားလိုက်သည်။
အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူသည် မြောက်ပြင်ကျေးရွာသို့ မကြာခဏ ဆိုသလိုမျိုး ရောက်ရှိ လာသော်လည်း ရဲက မဖမ်းဟု မိခင်ဖြစ်သူက စွပ်စွဲ ပြောကြားသည်။
“ သီတင်းကျွတ်လပြည့်နေ့ကလည်း မြောက်ပြင်ကျေးရွာကို ရောက်ရှိ လာပြီး သုံးလေးရက် နေထိုင် သွားပါတယ်။ နယ်မြေခံရဲက အမှုကို လျစ်လျူရှုပြီး ဖမ်းဆီးအရေးယူမှု မလုပ်ဘဲထားပါတယ်” ဟု မိခင် ဖြစ်သူက နိရဉ္စရာသို့ ပြောသည်။
မုဒိမ်းပြုကျင့်ခံရသူ မိန်းခလေးမှာ အသက် ၁၂ နှစ် ဖြစ်ပြီး ဆင်းရဲနွမ်းပါး၍ အသက်ကြီးပြီးမှ ကျောင်းထားရကာ ရွာကျောင်းတွင် ပထမတန်းတွင်သင်ကြားနေသည်ဟု သိရသည်။
“ကျွန်မ သမီးလက်ကို ဓါးချသွားတော့ ဆေးမှူး ဦးမောင်သန်းဝင်းဆီမှာ ကျွန်မနဲ့အတူ ၂ ရက်လောက် ဆေးသွားကုပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ကျွန်မ ငါးရှာသွားတော့ သူမတစ်ယောက်တည်း ဆေးသွားကုပါတယ်။ သမီးဒဏ်ရာဟာ အာရုံကြော ထိခိုက်မှု ရှိမရှိသိရအောင် အ၀တ်တွေ ချွတ်ခိုင်းတယ်လို့ သမီးက ပြောပြပါတယ်။ အဲ့ဒီနေ့က ဦးမောင်သန်းဝင်း ဇနီးလည်း စစ်တွေကို သွားနေခိုက် သူ့အိမ်ပေါ်မှာပဲ အဓမ္မပြုကျင့်ခဲ့ပါတယ်” ဟု မိခင်ဖြစ်သူက ဖြစ်ပျက်ပုံကို နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပေါက်တောမြို့ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး၊ ဆရာဝန် ဆေးစစ်ဆေးမှုကို ခံယူခဲ့ရာ အဓမ္မပြုကျင့်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းအမှုကို မြောက်ပြင်ကျေးရွာနှင့် ၁၅ မိနစ်ခန့်သာ ဝေးသော ကျောက်တောင်ရဲစခန်းမှ တာဝန်ယူထားကြောင်း မိခင် ဖြစ်သူက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ စခန်းမှူး ဒုရဲမှူး ဘစုက “အဓမ္မပြုကျင့်မှု ဖြစ်ပွားပြီး ပေါက်တောရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာမှန်ပါတယ်။ တရားခံကို ဖမ်းဆီးနိုင်ဖို့ အတွက် ကျောက်တောင် စခန်းမှူး ဒုရဲအုပ် စံသိန်းကို တာဝန်ပေးထားပါတယ်။ တရားခံရောက်လာတာကို သွားတိုင်ရင် ရဲက ဖမ်းကို ဖမ်းပေးရမှာပါ။ နယ်မြေခံ စခန်းမှူးကို စိတ်မချရင် ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်” ဟု ဒုရဲမှူးဘစုကပြောသည်။
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသူသည် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း မညှင်းကိုင်းကျေးရွာမှ မြောက်ပြင်ကျေးရွာတွင် အိမ်ထောင်ကျနေသူတစ်ဦးဖြစ်ကြောင်း လေ့လာသိရှိရသည်။

No comments:
Post a Comment