Monday, November 23, 2015

အပစ်ရပ်ရေးဆွေးနွေးရန် ကြိုးပမ်းချိန် SSPP၏ မိုင်းရှူး နှင့် မိုင်းနောင်တပ်များ ဆုတ်ခွာပေးရန် တပ်မတော်ပြောဟုဆို

ဖနိဒါ

ငြိမ်းချမ်းရေးဆွေးနွေးရန် ညှိနှိုင်းဆွေးနွေးနေချိန်တွင် အစိုးရ စစ်တပ် အရှေ့အလယ်ပိုင်းတိုင်းဌာနချုပ်မှ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လွယ်လင်ခရိုင်ရှိ မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ်ရှိ တပ်များကို ဆုတ်ခွာပေးရန် နိုဝင်ဘာလ ၂၁ ရကက ပြောဆိုခဲ့သည်ဟု SSPP/SSA ဗဟိုကော်မတီဝင် စိုင်းနော်လတ်က ပြောသည်။

“ခိုလမ်တိုင်းမှူးက အမိန့်ထုတ်တယ်။ ဆုတ်ရင်ဆုတ် မဆုတ်ရင် တိုက်မယ်တဲ့။ ကျနော်တို့ကိုယ်စားလှယ်နဲ့ ပြန်ပြောခိုင်းတယ်။ အရင်တပတ်က ငြိမ်းချမ်းရေးဆွေးနွေးဖို့လာတဲ့ကာလမှာ အဲဒီလို သူတို့က စဖောက်ပြန်တယ်။ သူတို့က လမ်းရဲ့တောင်ဘက် မနေနဲ့ မြောက်ဘက်ကို အကုန်ရွှေ့ပေးပါ။ အခုတိုက်ပွဲဖြစ်နေတဲ့နေရာ မိုင်းနောင်နဲ့ မိုင်းရှူးကားလမ်းကြားက တပ်တွေ အကုန်လုံး မနေရဘူး။ အကုန်ဖယ်ခိုင်းတာ။ ဝမ်ဟိုင်းဌာနချုပ်ကို ဆုတ်လာခိုင်းတာလေ။ မထွက်ရင် တိုက်မယ်တဲ့”ဟု စိုင်းနော်က မဇ္ဈိမကို ပြောသည်။

SSPP/SSA ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်ဖက် ထိတွေ့မှု မဖြစ်ပွားရန် ထိန်းသိမ်းရန် မေတ္တာရပ်ခံထားသော်လည်း အစိုးရဘက်မှ လက်မခံခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ငြိမ်းချမ်းရေးကို ရည်မှန်းချက်တခုပါ။ နိုင်ငံတော်က ဖိတ်ကြားတာ အလေးအနက်ထားပြီးတော့ လာနေပြီ။ ဒီကြားကာလမှ ထိတွေ့တိုက်ခိုက်မှုတွေ မဖြစ်အောင် ထိန်းသိမ်းပေးကြပါလို့ အတန်တန်မေတာရပ်ခံတာ လက်မခံဘူး”ဟု သူက ပြောသည်။

ထို့ပြင် အစိုးရနှင့် SSPP/SSA ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ၎င်းနေရာများမှ မနေရန် ပါဝင်ခြင်း မရှိသဖြင့် ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သူက ပြောသည်။

“ကျနော်တို့ ညှိနှိုင်းလို့မပြီးသေးဘူး။ ဒီနေရာက ကျနော်တို့ နေတာနှစ်ပေါင်းမနည်းတော့ဘူး။ ဘိုးဘွားကတည်းက နေလာတဲ့နေရာဖြစ်တယ်။ လက်မှတ်ထိုးတုန်းက ဒီနေရာမနေနဲ့လို့ မညွန်းထားပါဘူး။ နောက်ပြီးတော့ ဌာနချုပ်နဲ့ ဝေးတဲ့နေရာလည်း မဟုတ်ဘူး။ ကျနော်တို့က တပ်မတော်ရဲ့ ကားနဲ့ ရိက္ခာပို့တာတွေလည်း အဟန့်အတားမရှိဘူး။ တောထဲတောင်ထဲမှာ နေနေတာပါ”ဟု သူက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက် ရန်ကုန်မြို့တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)တွေ့ဆုံဆွေးနွေးရန် SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး (၂) ဒုဗိုလ်မှူးကြီး စိုင်းခမ်းထီ ဦးဆောင်၍ ၅ ဦးပါ ကော်မတီကို ဖွဲ့စည်း၍ သွားရောက် ထွက်ခွာနေပြီဖြစ်ကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်က တိုက်ပွဲများ ရပ်တန့်ရန်အတွက် UPWC မှ အဖွဲ့ဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် SSPP/SSA တို့ ရန်ကုန်မြို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးတွင် ကော်မတီဖွဲ့၍ အကြိုညှိနှိုင်း ဆွေးနွေးခဲ့သည်။

SSPP/SSA သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

No comments:

Post a Comment