Thursday, December 17, 2015

ရွေးကောက်ပွဲအလွန်ကာလတွင် ယုံကြည်မှု အဓိကဖြစ်တယ်လို့ ဦးရွှေမန်းပြော

ဟိန်းကိုစိုး

ရွေးကောက်ပွဲအလွန် ယနေ့ကာလတွင် တစ်ဘက်နှင့် တစ်ဘက်ယုံကြည်ရေးရှိစေရန် တာဝန်ခံ၊ တာဝန်ယူမှုနှင့် ရိုးသားပွင့်လင်းမှုက အဒီကဖြစ်တယ်လို့ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းတွင် ၄င်း၏လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

အကူးအပြောင်းကာလ ဖြစ်သော ယနေ့ကာလအတွက် ကြီးမားသော စိန်ခေါ်မှုကဘာလဲဟုဆိုကာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအနိုင်ရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိကိုမေးမြန်းခဲ့သည်ဟု ပါရှိပြီး ယင်းမေးခွန်းကိုလည်း ၄င်း၏ လူမှုကွန်ယက်မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်မေးမြန်းခဲ့သေးသည်ဟုလည်း ရေးသားထားသည်။

"ယနေ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှုရရှိရေး ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေးတို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင်ဖြစ်သည်။" ဟု ဦးရွှေမန်းက ရေးသားခဲ့သည်။

ယင်းအပြင် ရွေးကောက်ပွဲလွန်ကာလအတွင်းတွေ့ဆုံဆွေးနွေးမှုက အလွန်အရေးကြီးပြီး တွေ့ဆုံဆွေးနွေးမှုမရှိ ပါက အမျိုးသားရင်ကြားစေ့ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို မမျှော်လင့်နိုင်သလို၊ တိုင်းပြည်အနာဂတ်လည်း ကောင်းလာမည်မဟုတ်ကြောင်းလည်း ပါရှိသည်။ "အမုန်း၊ အညှိးအတေး၊ အာဃာတများကို ဖြစ်ပေါ်စေခဲ့သည့် အတိတ်က သင်ခန်းစာများကိုရယူကာ မိမိတို့သည်လည်း ပြည်သူ့အကျိုးပြုနိုင်ငံရေးကို မည်သည့်နေရာကမဆို ပြည်သူများနှင့်အတူ ပါဝင်လုပ်ဆောင် ကြရမည်ဖြစ်" ဟုလည်း ဆိုသည်။

သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဒီဇင်ဘာ ၁၄ရက်နေ့က တွေ့ဆုံခဲ့သေးသည်။ "အခုအတောအတွင်းက အမြဲတမ်းနီးပါးတွေ့နေတာတော့ရှိတယ်။ အန်တီဒေါ်အောင်ဆန်းစုကြည်နဲ့ကော ပါတီကလူတွေနဲ့ကော တွေ့နေတာတော့ သိနေရတယ်" ဟု ပြည်သူ့လွှတ်တော်ရုံးအရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။ ၄င်းသည် ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ကာလများအတွင်း အများဆုံးတွေ့ဆုံဆွေးနွေးထားသည် ပြည်ထောင်စုလွှတ်တော်နာယကလည်း ဖြစ်သည်။

No comments: