ဇော်ခမ်းဟိန်း
မြေမြှုပ်မိုင်းပေါများရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးနှစ်မြို့တွင် ခြေတုလက်တုစင်တာများ စတင်တည်ဆောက်နေပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဟု International Committee Of The Red Cross မှ အကြီးတန်းပြန်ကြားဆက်သွယ်ရေး အရာရှိ ဦးမိုးမြင့်အောင်က မဇ္ဈိမသို့ပြောကြားသည်။
၂၀၀၃ ဖေဖော်ဝါရီလမှ စတင်ဖွင့်လှစ်ခဲ့သော ကရင်ပြည်နယ်ဘားအံမြို့ရှိ စင်တာအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နှစ်စဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးနေပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်ခြေတုလက်တုစင်တာအသစ် တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီးဖြစ်ကြောင်း ၄င်းကဆိုသည်။
''မြစ်ကြီးနားဆေရုံကြီးမှာ ခြေတုလက်တုတပ်ဆင်ရေးဌာန ဆောက်နေတာ ၄၀ ရာခိုင်နှုန်းပြီးနေပါပြီ၊ လာမည့် ၂၀၁၆ ထဲမှာစတင်လုပ်ငန်းလည်ပတ်နိုင်ဖို့မှန်းထားပါတယ်။ ကျိုင်းတုံမှာလဲ စင်တာတစ်ခု ဆောက်နေတာ ၁၁ ရာခိုင်နှုန်းလောက်ပြီးစီးတဲ့အနေအထားမှာရှိတယ်။ အဲ့ဒါက ၂၀၁၇ လောက်မှာ ဖွင့်နိုင်မယ်လို့မျှော်မှန်းထားတယ်။'' ဟု ICRC မှအရာရှိ ဦးမိုးမြင့်အောင်က ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုဂရုဏာဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က ဘားအံမြို့ တွင်ရှိသော ခြေတုလက်တုတပ်ဆင်ရေးစင်တာတွင် ၂၀၁၆ ခုနှစ် မေလ၌ တနင်္သာရီတိုင်း၊ မွန်ပြည် နယ်နှင့် ပဲခူးအရှေ့ပိုင်းမှ ခြေအင်္ဂါမသန်စွမ်းသူ (၃၀) ဦးအား အခမဲ့တပ်ဆင်ပေးသွားမည်ဟု ပြောကြားသည်။ ''မိန်းကလေးဆိုရင် မိန်းမအစောင့်တစ်ဦး၊ ယောင်္ကျားလေးဆို ယောင်္ကျားအစောင့်တစ်ဦးခေါ်လာခွင့် ရှိပါတယ်။ နေထိုင်စားသောက်စရိတ် အားလုံးအခမဲ့ပါ။ လူနာခြေပြင်ပေးတာတို့ လမ်းလျှောက်နိုင်တဲ့ အထိဆို သုံးလလောက်ကြာတယ်။'' ဟု၎င်းက ဆိုသည်။
ဘားအံခြေတုလက်တုတပ်ဆင်ရေး စင်တာမှ ၂၀၁၃ ခုနှစ်တွင် (၂၅၄၈) ခု၊ ၂၀၁၄ ခုနှစ်တွင် (၂၉၃၅) ခု၊ ၂၀၁၅ ခုနှစ်တွင် (၂၇၈၄) ခုတို့တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှ မြေမြှပ်မိုင်း ကြောင့် ခြေတုတပ်ဆင်ချင်သူများမှာ မြန်မာပြည်အထက်ပိုင်း မန္တလေးတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ရေနံ့သာဆေးရုံတစ်ခုသာရှိသည်။
No comments:
Post a Comment