Thursday, December 17, 2015

အန္တရာယ်ရှိနိုင်သဖြင့် ဂုတ်ထိပ်တံတားပေါ် လမ်းလျှောက်ခွင့် မပြုတော့

မြတ်ပြည့်ဖြိုး


ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ရထားသွားလာရန် တည်ဆောက်ထားသည့် ဂုတ်ထိပ်တံတားပေါ်သို့ လူများ လမ်းလျှောက် သွား လာခွင့်ပြုတော့မည် မဟုတ်ကြောင်း မြန်မာ့မီးရထား အမှတ် ၃ တိုင်းသွားလာရေးမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးအေးမောင်က ဧရာဝတီသို့ ပြောသည်။

ဦးအေးမောင်က“အရင်ကတည်းက လူလျှောက်ဖို့ ခွင့်ပြုပေးထားတာ မဟုတ်ပါဘူး။ သတိပေးစာတွေ ကပ်ထားတာကို တံတားပေါ် သွားလာနေကြတာပါ။ အဲဒါကြောင့် ပြုတ်ကျပြီး အန္တရာယ်ဖြစ်နိုင်တဲ့အတွက် တားရတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းဂုတ်ထိပ်တံတားသည် ယခင်က ရထားဖြင့်သာ သွားလာနိုင်ပြီး ယခုအခါ ဂုတ်ထိပ်ဘူတာအထိ ကားဖြင့် သွားရောက်နိုင်ပြီ ဖြစ် သောကြောင့် ယခုနှစ်ခရီးသွားရာသီတွင် ရေပန်းစားလာပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ လာရောက် လည်ပတ်ကြသည့် အတွက် ခရီးသွားဒေသတခုကဲ့သို့ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလဆန်းက ဂုတ်ထိပ်တံတားသို့ သွားရောက်ခဲ့သည့် မန္တလေးမြို့ခံ မပန်းပန်းက“နဂိုကတည်းက တာဝန်မှအပ မသွားရဆိုပြီး ရေးထားတာပါ။ ကိုယ်တွေက သွားကြတာပါပဲ။ ဒါပေမဲ့ တချို့လူတွေကျ နားလည်မှု မရှိဘူး။ တံတားပေါ်ဖြတ်ဖို့ ရထားက သူတို့ ထိုင်ရာကထဖို့ ဥသြပြန်ဆွဲပေးနေရတယ်”ဟု ပြောသည်။

ယခင်က ရထားပေါ်မှာသာ ကြည့်ရှုနိုင်သည့် ဂုတ်ထိပ်တံတားရှုခင်းအား ခရီးသွားများက ကားဖြင့် လာရောက်ကာ တံတားပေါ်တွင် လမ်းလျှောက်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ တံတားဘောင်များတွင် ထိုင်ခြင်း စသည်အပြုအမူတို့ကြောင့် တံတားပေါ်မှ ပြုတ် ကျမည့် အန္တရာယ်ရှိလာနိုင်သဖြင့် ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ တံတားပေါ်သို့ လမ်းလျှောက် သွားလာခွင့် မပြုတော့ကြောင်း သိရသည်။

ဂုတ်ထိပ်တံတားသို့ ဖြတ်သွားသည့် လက်ရှိ နောင်ချို – နောင်ပိန် ရထားခရီးစဉ်ကို လူ ၂၀ ဆန့် သံလမ်းပြေးကား(Rail Gang Car RGC)ဖြင့် ခရီးစဉ် တခေါက်လျှင် ငွေကျပ် ၁ သိန်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့ မီးရထားက ပြောသည်။

ယခုနှစ်တွင် ခရီးသွားအများအပြား လာရောက်ကြသောကြောင့် ဂုတ်ထိပ်ဘူတာတွင် RGC တစ်စီး ထပ်မံထားရှိကာ ဂုတ်ထိပ် တံတားပေါ်သို့ သီးသန့်ပြေးဆွဲပေးရန် ရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကာ ခရီးစဉ် တခေါက်လျှင် ငွေကျပ် ၂ သောင်းခန့် သတ်မှတ် ရန် အကြမ်းဖျင်းလျာထားကြောင်း သိရသည်။

နှစ်ပေါင်း ၁၁၆ နှစ် သက်တမ်းရှိ ကမ္ဘာအကြီးဆုံး မီးရထားသံလမ်း တံတားအဖြစ် မှတ်တမ်းဝင်သည့် ဂုတ်ထိပ်တံတားသည် ပေ ၃၀၀ နက်သည့် လျှိုနှစ်ခုအားဖြတ်ကာ တည်ဆောက်ထားသည့် တံတားတစင်းဖြစ်ပြီး တံတားအရှည် ပေ ၂၂၆၀ ရှိပြီး အမြင့်မှာ ပေ ၁၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

No comments:

Post a Comment