Friday, December 18, 2015

တိုက်ပွဲများရပ်တန့်ရေး တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ကျော်ခ


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၎င်းတို့ တပ်ဖွဲ့များနှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) လက် အောက်ခံ တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများအရေး နှစ်ဘက် တွေ့ဆုံဆွေးနွေး အဖြေရှာရန် ဆန္ဒရှိကြောင်း RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

ဘဝတူတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့အကြားဖြစ်ပွားနေသော တိုက်ပွဲများ ပြေလည်မှုရရှိရန်အတွက် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ ၉ ဖွဲ့နှင့်ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထိုင်းနိုင်ငံ ၌ ဒီဇင်ဘာ ၁၅ ရက်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကြားဝင် စေ့စပ်ပေးခဲ့ပြီးနောက် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က“အမြန်ဆုံး ဆွေးနွေးနိုင်ကြရင်တော့ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဆွေးနွေးပွဲတွေ မြန်မြန်စပြီးတော့ မဆွေးနွေးနိုင်ဘူး။ မဖြေရှင်းနိုင်ဘူးဆိုရင် စစ်ပြေပြင်မှာ ကျနော်တို့၊ သူတို့ မျက်နှာချင်းဆိုင် နေတဲ့သူတွေအတွက် အခက်အခဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ရော ထိတ်လန့်နေရတာပေါ့”ဟု အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင်ပြော သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS/SSA နှင့် TNLA တို့အကြား နယ်မြေ အငြင်းပွားမှုကတဆင့် အောက်တိုဘာလ ၂၇ ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ အဆိုပါ ၂ ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်းဆုံး ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယခုလ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသော UNFC ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့၍ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

UNFC နှင့် RCSS/SSA ခေါင်းဆောင်များ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည့် ရလဒ်ကို UNFC သို့ ပြန်လည် အစီရင်ခံတင်ပြ၍ ဆက် လက် ဆောင်ရွက်သွားမည်ဟု UNFC ၏ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဦးထွန်းဇော် က“ခုနက RCSS က ဥက္ကဋ္ဌ ပြောသလိုမျိုးပေါ့။ ဒီဘက်ကလည်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံတဲ့နည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာမယ့် သဘောထားရှိပါတယ်။ ဆိုတော့ PSLF/TNLA ဘက်ကလည်းပဲ အဲဒီသဘောထားပဲရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့လည်း ညှိနှိုင်းအဖြေရှာလိမ့်မယ်လို့ ကျနော်တို့လည်း အဲဒီအတိုင်းပဲ တိုက်တွန်းမှာဖြစ်ပါတယ်”ဟု သတင်းထောက်များကို ပြော သည်။

RCSS/SSA သည် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သည့် အဖွဲ့ဖြစ်ပြီး UNFC တပ်ပေါင်းစု၌ အဖွဲ့ဝင်ဖြစ်သော TNLA အဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသောအဖွဲ့ ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး TNLA က တွေ့ဆုံဆွေးနွေးရေး သဘောထားရှိကြောင်း၊ UNFC တွေ့ဆုံ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ရလဒ်များအပေါ် မူတည်ပြီး ၎င်းတို့ အဖွဲ့၌ ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း TNLA နိုင်ငံခြားရေးဌာန တာဝန်ခံ တာပန်လ က ဧရာဝတီသို့ ပြောသည်။

ယနေ့ ဆွေးနွေးပွဲသို့ RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဗိုလ်မှူးကြီး စိုင်းငင်း တို့ကိုယ်တိုင် တက်ရောက်ကြပြီး UNFC တွေ့ဆုံ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ဗိုလ်ချုပ် ဘီထူး၊ မွန်ပြည်သစ် ပါတီ (NMSP) မှ နိုင်ရွန်တိန်းနှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) မှ ဦးထွန်းဇော်တို့ တက်ရောက်ကြသည်ကို တွေ့ရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ RCSS/SSA နှင့် TNLA ဖြစ်ပွားနေသော တိုက်ပွဲများ ပြေလည်ရေးအပြင် UNFC နှင့် RCSS/SSA အကြား လက်ရှိ နိုင်ငံရေးအခြေအနေ အပေါ် အမြင်သဘောထား သုံးသပ် ဖလှယ်ခဲ့ကြသကဲ့သို့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ကိစ္စကိုလည်း ပိုမိုအားကောင်းရန် လုပ်ဆောင်နိုင်ရေးအတွက် သဘောထား ဖလှယ်ခဲ့ကြကြောင်း နှစ်ဘက် တာဝန်ရှိသူများကပြော ဆိုကြ သည်။

No comments:

Post a Comment