Friday, December 25, 2015

နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်က သူများပါရရှိမည်

ဦးလွင်

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်များ သာမက သမ္မတ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းဝင်များပါ ရရှိခံစားကြရမည်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဒီဇင်ဘာ ၂၁ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းသို့ အသိပေးရှင်းလင်းခဲ့သည်။

“၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သမ္မတ၊ ဒု သမ္မတများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ တိုင်းဒေသကြီးအဆင့်သို့ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ နဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ အားလုံးပါဝင်ပါတယ်"ဟု ပြည်ထောင်စု လွှတ်တော်သို့ အသိပေး ရှင်းလင်းခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြဌာန်းခဲ့သည့် ပြည်ထောင်စုအ ဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စားရိတ်နှင့် အဆောင်အယောင်ခံစားခွင့် ဥပဒေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ စားရိတ်နှင့် အဆောင်အယောင်ခံစားခွင့် ဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မ ဟုတ် ပြည်နယ်ဒေသ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် များ၏ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ၊ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စားရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စားရိတ်များ ဆိုင်ရာ ဥပဒေများအရ အကျုံးဝင်သူအားလုံး ပါဝင်ကြောင်း သိရသည်။

“နောက်တစ်ပိုင်းအနေနဲ့ သိထားသင့်တာက ဒီပင်စင်ရဖို့ ဘယ်လို ဆက်လက် ဆောင်ရွက်ရမယ် ဆိုတာကတော့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးက ဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်။ ဘယ်သူက ဘယ်လောက်ရမယ်ဆိုတာကလည်း အကျုံးဝင်လို့ တောင်းခံတဲ့သူရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် တွက်ချက် ပေးပါလိမ့်မယ်။" ဟု ဦးရွှေမန်းက ရှင်းလင်းပြောဆိုခဲ့သည်။ ဥပဒေများပါ ပြဌာန်းချက်များအရ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်သမ္မတနဲ့၊ ဒုတိယ သမ္မတများသည် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားခွင့်များအပြင် လစဉ်နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ စားရိတ်နှင့် အဆောင်အယောင်တို့ကိုပါ ခံစားခွင့်ရမှာဖြစ်ကြောင်းနှင့် ကျန်သည့်အဆင့်ဆင့်သော ပုဂ္ဂိုလ်များ အားလုံးလည်း တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရရှိကြမှာဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီသည် ဥပဒေအမှတ် /၂၀၁၁ ဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆(က) အရ သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါက မိမိတို့ ရရှိသည့် လစဉ် ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရ ချီးမြှင့်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ လစဉ် နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်တို့ကို ခံစားခွင့်ရှိသည် ပြဌာန်းထားကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပ ဒေပုဒ်မ ၂၆(ခ)တွင်လည်း အပြစ် တစ်စုံတစ်ရာမရှိဘဲ သက်တမ်းကာလမပြည့်မီ ကျန်းမာရေးချို့ယွင်းခြင်း ကြောင့် ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ခြင်းမရှိလျှင်ဖြစ်စေ၊ သက်တမ်းတစ်ခုတွင် လစ်လပ်ရာထူးအတွက် တာဝန်ထမ်းဆောင်ရလျှင်ဖြစ်စေ ယင်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် မိမိတို့တာဝန်ထမ်းဆောင်သည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု ပြဌာန်းထားသည်။ ပုဒ်မ၂၇(က)(ခ)တွင်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များသည် (က) သက်တမ်းကာလအတွင်း တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပါက မိမိရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရ ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်း သော နိုင်ငံ ရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိကြောင်း ပြဌာန်းထားသည်။

No comments:

Post a Comment