Friday, December 18, 2015

ကချင်ဒုက္ခသည်များအတွက် ခရစ္စမတ် ထမင်းတနပ် ရန်ပုံငွေ ကောက်ခံပွဲ စတင်

ငြိမ်းငြိမ်း


မြန်မာနိုင်ငံရှိ သောင်းနှင့်ချီသော နေရပ်စွန့်ခွာ ကချင်စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ပေးရန် ရန်ပုံငွေ ကောက်ခံပွဲကို ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာလဆန်းပိုင်းတွင် ပြည်တွင်းလူမှုအဖွဲ့အစည်းတခုက စတင်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN) မှ ဦးဆောင်ကာ လူမှုကွန်ရက် Facebook စာမျက်နှာများမှတဆင့် ကြေညာထားပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောက်ခံရရှိသည့် လှူဒါန်းငွေများအား ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အထောက်အပံ့များ ကူညီပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့ Joint Strategy Team (JST) နှင့် ချိတ်ဆက်၍ စစ်ဘေးရှောင်ဒုက္ခသည်များကို ပေးအပ်သွားမည်ဖြစ်သည်။ JST သည် နေရပ်စွန့်ခွာခဲ့ရသူများအား ကူညီရန် ကချင်လူမှုအဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်တွင် စေတနာ့ဝန်ထမ်း တဦးဖြစ်သော မမိုင်လှအေးက ခရစ္စမတ် ထမင်းတနပ် ရန်ပုံငွေ လှုပ်ရှားမှုအား ခရစ်ယန်ဘာသာဝင် အများစုဖြစ်သော စစ်ပြေးဒုက္ခသည်များကို တတ်နိုင်သလောက် ထောက်ပံ့မည်ဆိုသော ရိုးရှင်းသော ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“ခရစ္စမတ်ချိန်ခါဆိုတာ မိသားစုပျော်ရွှင်စွာ ကျင်းပရတဲ့ အချိန်လေ။ ဒီချိန်မှာ သူတို့အတွက် တခုခု လုပ်ပေးချင်တယ်။ စစ်ပွဲတွေကြောင့် သူတို့ ဒေသမှာ ခရစ္စမတ်ပွဲတော်ကိုလည်း မကျင်းပနိုင်ခဲ့ကြဘူး။ ကိုယ်ကလည်း တခြားဘာမှ မလုပ်ပေးနိုင်တော့ လုပ်နိုင်တာကို စဉ်းစားပြီး ကူပေးတာ” ဟု မမိုင်လှအေးက ဆိုသည်။

အဆိုပါ လှုပ်ရှားမှုမှ ၂ ပတ်အတွင်း အလှူငွေ သိန်း ၁၂၀ ကျပ် (အမေရိကန်ဒေါ်လာ ၉၂၀၀) ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။ လှူဒါန်းလိုသူများ အနေဖြင့် လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတဆင့် သို့မဟုတ် ဘဏ်မှတဆင့် လှူဒါန်းနိုင်သည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မမိုင်လှအေးက ဒေသတွင်း မူဝါဒရေးရာ အဖွဲ့တခုဖြစ်သည့် Another Development အဖွဲ့၏ ဦးဆောင်သူလည်း ဖြစ်သည်။ လှူဒါန်းငွေများအား မြို့နှင့် အလှမ်းကွာသော ဒေသများရှိ ကချင်၊ ရှင်းနှင့် ပလောင် ဒုက္ခသည်များနေထိုင်ရာ IDP စခန်းများသို့ ဖြန့်ဝေပေးနိုင်သည့် JST သို့ လွဲပြောင်းပေးသွားမည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာတပ်မတော်တို့အကြား နှစ်ပေါင်း ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြားခဲ့ပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုက်ပွဲများကြောင့် လူဦးရေ ၁ သိန်းကျော် စစ်ဘေးရှောင်ရကာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြသည်။ သို့သော် နေရပ်ပြန်လာသူများ၊ ဒေသခံ မိသားစုများနှင့် စစ်ဘေးသင့်ဒုက္ခသည်များ အားလုံးကို စုပေါင်းလိုက်လျင် လူဦရေ ၁၄၀၀၀၀ ခန့် ရှိပါသည်ဟု ကုလသမဂ္ဂ စာရင်းအရ သိရသည်။

ခရစ္စမတ်ရန်ပုံငွေ လှုပ်ရှားမှု ဦးဆောင်သူများ အဆိုအရ စစ်ဘေးဒုက္ခသည် အားလုံး၏ ၄၈ ရာခိုင်နှုန်းအောက် အရေအတွက်သာ အခြေခံလိုအပ်ချက်များ ရရှိကြသည်။ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အထောက်အပံ့ အပြည့်အ၀ရရှိရေး အရေးတကြီး လိုအပ်နေသည်။

၎ နှစ်ခွဲကြာ ပဋိပက္ခများကြောင့် ယခင်နှစ် ခရစ္စမတ် ကာလများတွင် စစ်ဘေးရှောင်ဒုက္ခသည်များ ပါဝင်ဆင်နွှဲခွင့် မရခဲ့ဟု Concern, Care and Contribute to IDPs group အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ဤအချိန်အခါသည် ပျော်ရွှင်စရာအတိ အချိန်အခါ ဖြစ်ရမည်ဖြစ်သော်လည်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာရသကဲ့သို့ ဆွေမျိုးမိသားစုများနှင်လည်း ကွဲကွာနေရသောကြောင့် ဒုက္ခသည်များအတွက်မူ ၀မ်းနည်း ပူဆွေးသောက အပြည့်နှင့် ရင်ဆိုင်ရသော အချိန်များပင် ဖြစ်သည်။

“ကျမတို့ ပြည်တွင်းစစ်တွေကို ရပ်စေချင်တယ်။ နိုင်ငံသားအချင်းချင်း တိုက်ခိုက်နေတာ မလိုချင်ဘူး။ ချင်းပြည်နယ်မှာလည်း ငယ်ငယ်က စစ်သားတွေ ကြောက်ရတဲ့ အတွေ့အကြုံရှိခဲ့တော့ စစ်ဆိုရင် မလိုချင်ဘူး” ဟု မမိုင်လှအေးက ရှင်းပြသည်။ သူသည် ယခုနှစ်အတွင်း ဒုက္ခသည်များအတွက် ရန်ပုံငွေကောက်ခံသည့် တခြားသော လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သူတဦး ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးမှ ထုတ်ပြန်ချက်တခုတွင် ယူရို ၁ ဒသမ ၃ မီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ မီလီယံ) အား မြန်မာနိုင်ငံ စစ်ဘေးသင့်ဒေသများသို့ လူသားချင်း စာနာထောက်ထားသော အကူအညီများပေးအပ်ရန် မေတ္တာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ ထောက်ပံ့ပေးထားကြောင်း ဖော်ပြထားသည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် မြန်မာပြည်မြောက်ပိုင်းရှင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အထောက်အပံ့ လုံလောက်မှု မရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူအပြုရုံး (UN-OCHA) ၏ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကြောင့် အကူအညီ လိုအပ်နေသူ စုစုပေါင်း လူဦးရေ ၁ သန်းခန့် ရှိသည်ဟု ကုလသမဂ္ဂက ဆိုသည်။

ထိုအကူအညီ လိုအပ်နေသော လူဦးရေ ၁ သန်းထဲတွင် ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒုက္ခသည် ဦးရေ ၁ သိန်းကျော်လည်း ပါဝင်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး နှင့် မိုင်းရှုးမြို့နယ်များတွင်လည်း အောက်တိုဘာလ စစ်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာခဲ့ရပြီး နောက်ထပ် လူဦးရေ ၄၀၀၀ ခန့် အကူညီလိုအပ်နေကြောင်းလည်း သိရသည်။

၂၀၁၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အစီအစဉ်တွင် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် လူသားချင်း စာနာသည့် အကူအညီများအတွက် အမေရိကန် ဒေါ်လာ ၇၁ ဒဿမ ၄ မီလီယံ လိုအပ်သော်လည်း စုစုပေါင်းလိုငွေ၏ တ၀က်ခန့်၊ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇သန်းသာရကြောင်း ကုလသမဂ္ဂ စာရင်းအရ သိရသည်။

“ဆောင်းရာသီဝင်ပြီဆိုရင် ကချင်နဲ့ ရှမ်းဒေသတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်ပါတယ်။ ဒါက နှစ်စဉ်ဖြစ်တာပါ။ နယ်မြေ မအေးချမ်းတာလည်း ပါတာပေါ့။ သူတို့အတွက်လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးပါတယ်” ဟု ရန်ကုန်ရှိ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

No comments: