Friday, December 18, 2015

ပေါက်တောမြို့နယ်တွင် ဘင်္ဂလီတစ်ဦး အသတ်ခံရ

နိရဉ္စရာ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် အသက် (၃၅) နှစ်အရွယ် ဘင်္ဂလီ တစ်ဦး အသတ်ခံခဲ့ရသည်ဟု ပေါက်တောမြို့နယ် ရဲအုပ် ဘစုက အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ ကြိမ်နီပြင် ဒုက္ခသည် စခန်းအနီးမှာ တောင်ကြောလမ်း အဆင်းမှာ ဖြစ်ပါတယ်။ အသတ်ခံရတဲ့သူက စစ်တွေ ဒါးပိုင် ဒုက္ခသည် စခန်းဖြစ်တယ်လို့ သိရပါတယ်။ သတ်တဲ့ တရားခံ တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒီဘက်က ဘင်္ဂလီတွေကတော့ ရခိုင် သုံးလေးယောက်က သတ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။ မြင်ရင် မှတ်မိတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ စုံစမ်းဆဲပါ” ဟု ရဲအုပ် ဘစုက ပြောကြားသည်။

အခင်းဖြစ်ပွားမှုမှာ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း၊ အလောင်းအား ပေါက်တောမြို့ ဆေးရုံသို့ ယူဆောင်လာပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီက သဂြိုလ်ကြောင်း၊ မိမိတို့မှာ ယခု ကြိမ်နီပြင်၊ အနောက်ရဲဒုက္ခသည် စခန်းသို့ ရောက်နေကြောင်း၊ အခြေအနေ အေးဆေး တည်ငြိမ် နေကြောင်း ပြောကြားသည်။

“ အခု ဖြစ်တာက ပြားသူကြွယ်မှာ နွားလာခိုးတဲ့ ဘင်္ဂလီ တစ်စုက လယ်သမား နှစ်ဦးကို ဓားနဲ့ ခုတ်သွားခဲ့တဲ့ အတွက် စစ်တွေဆေးရုံကို တင်လိုက်ရတယ်။ အခု ဒီဓားခုတ်မှုနဲ့ လက်စားချေ တိုက်ခိုက်တာလားဆိုတာကို ကျွန်တော်တို့ စဉ်းစားသုံးသပ်နေတယ်။ ခုက ဒီမှာ အပြန်အလှန် တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်နေတာကို တွေ့နေပါတယ်” ဟု ပြောကြားသည်။

အနောက်ရဲ ဒုက္ခသည်စခန်းနှင့် ကြိမ်နီပြင်ဒုက္ခသည် စခန်းအကြားတွင် တည်ရှိသော ဆင်အိုင် ရခိုင် ကျေးရွာတွင်လည်း လုံခြုံရေး စိုးရိမ်ရသည်ဆိုသော သတင်း ရရှိသဖြင့် ယခုအခါ ရဲတပ်ရင်း အမှတ် (၃၁) မှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခု ဖြစ်ပွားသော နေရာနှင့် ရခိုင်လူမျိုးနှစ်ဦး ဓားခုတ်ခံခဲ့ရသော ပြားသူကြွယ်ကျေးရွာမှာ ခြေဖြင့် သွားလျင် တစ်နာရီကျော် သွားရမည်ဟု ခန့်မှန်းရကြောင်း သူက ဆိုသည်။

ဆင်အိုင်ရွာသို့ ဆက်သွယ်ရာ ကျေးရွာ လူကြီး တစ်ဦးက အခင်းဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ ညဥ့်က လုံခြုံရေး စိုးရိမ်ရသဖြင့် တစ်ရွာလုံး ကင်းချပြီး လုံခြုံရေး ယူခဲ့ရကြောင်း၊ ယခုအခါ ရဲတပ်သားများ ရောက်ရှိနေသဖြင့် အခြေအနေ တည်ငြိမ်နေကြောင်း ပြောကြားသည်။

No comments: