Thursday, December 17, 2015

ဦးတေဇပိုင် ဟိုတယ်တွင် သင်တန်းလုပ်ရန် NLD က အကူအညီတောင်းခြင်းဟုဆို

မေစစ်ပိုင်


၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော် ကို သင်တန်းပို့ချမည့်နေရာကို ထူးကုမ္ပဏီအုပ်စု ပိုင် ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်ခွင့်ရရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သင်တန်း တာဝန်ခံ NLD ဗဟို သု တေသန အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း က ဧရာဝတီသို့ပြောသည်။

“ကျနော် က ဦးတေဇ ကို အကူအညီတောင်းခဲ့တော့ သူက ချက်ချင်းလက်ခံတယ်။ AGD ဘဏ် က အကူအညီပေး တာလို့ပြောရမယ်။ လူဦးရေ က ၂၀၀ လောက် ရှိတယ် ဆိုတော့ ဘုန်းကြီးကျောင်းမှာ လုပ် ဖို့က လည်း မဖြစ်နိုင်ဘူး။ ဒါနဲ့ ကျနော်ကိုယ်တိုင် ဦးတေဇ ကို ကမ်းလှမ်းလိုက်တာ။ ကျနော်တို့က အမျိုးသား ရင် ကြား စေ့ရေး ကို သွား နေတာပဲ။ အဓိက က သင်တန်းတက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အဆင်ပြေဖို့ စီစဉ် ရတာ ပါ” ဟု ၎င်း က ရှင်းပြသည်။

NLD က သင်တန်းအမှတ်စဉ် ၁ အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် နေပြည်တော် ကောင်စီ နယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ဦးရေ ခန့် ကို လာမည့် ဒီဇင်ဘာ ၁၆ ရက် မှ ၁၈ ရက်အထိ နံနက် ၈ နာရီခွဲ မှ ညနေ ၆ နာရီခွဲ အထိ နေပြည်တော် ဒက္ခိဏသီရိခရိုင် ဟိုတယ်ဇုန်နယ်မြေရှိ ရွှေစံအိမ် ဟိုတယ် သင်တန်း ပို့ချမည် ဖြစ်သည်။

သင်တန်းနည်းပြများအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ဦးမျိုးရန်နောင်သိန်း၊ ဦးနိုင်ကိုကို၊ ဦးချစ်ထွန်းဖေ အပါအဝင် နည်းပြ ၁၀ ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး နှင့် လွှတ်တော်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ သင်ကြားမည်ဟု သိရသည်။

“၃ ရက်လုံးလုံး ဟိုတယ်မှာပဲ နေပြီး သင်တန်းတက်ရမှာ။ မနက်ဖြန် စပြီး တက်ရမယ်။ အပြင်မှာထွက်နေတဲ့ ဝေဖန်သံ တွေကိုတော့ ဘာမှမှတ်ချက်မပေးချင်ဘူး”ဟု နေပြည်တော်ကောင်စီနယ်မြေ ဗုဗ္ဗသီရိမြို့နယ် မှ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်က ပြောသည်။

ထို့နောက် ကျန်ရှိသည့် သင်တန်းအမှတ် စဉ် ၂၊ ၃၊ ၄ နှင့် ၅ ကို ရန်ကုန် နှင့် ပြည်မြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်း ပို့ချမည့်နေရာကို စီစဉ်နေဆဲဖြစ်သည်ဟု သိရသည်။

NLD သည် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များနှင့် နီးကပ်လွန်းပြီး လုပ်ငန်းရှင်တချို့ကို အစိုးရအဖွဲ့တွင် ထည့်သွင်းရန် ကမ်း လှမ်း နေကြောင်း၊ ဦးချစ်ခိုင်၊ မိုက်ကယ်မိုးမြင့်နှင့် ဦးဇော်ဇော်တို့သည် NLD အစိုးရအဖွဲ့(သို့မဟုတ်) အထောက် အကူ ပြု အဖွဲ့များတွင် ပါဝင်ရန် ကမ်းလှမ်းထားသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဦးမျိုးရန်နောင်သိန်း က “ကျန်တဲ့သင်တန်းနေရာတွေကတော့ ရန်ပုံငွေနဲ့သွားမယ်ထင်တယ်။ အဖွဲ့ချုပ်ထဲမှာပဲ လုပ်ငန်း တာဝန် တွေက ခွဲထားတော့ ဦးချစ်ခိုင် တို့ ဦးမိုက်ကယ်မိုးမြင့်တို့ နဲ့ ပတ်သက်ပြီး အသံတွေထွက်ပေါ်နေတာတော့ ကျနော် လည်း မသိဘူး”ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က NLD ပါတီအနေဖြင့် ခရိုနီများနှင့်ပတ်သက်သည့် သီးခြားဗျူဟာ၊ မူဝါဒများ၊ စီမံချက်များကို အပြီးမသတ်နိုင်သေးသရွေ့၊ ခရိုနီများ၏အပေး အကမ်းကို အလေးအနက် ဆင်ခြင်ရမည် ဖြစ် ကြောင်း၊ သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်၊ သင်တန်းကို ခရိုနီကြီးပိုင်ဟိုတယ်တွင်ကျင်းပသည်ထက်၊ အခြား သင့်တော်သည့်နေရာတွင် ပြောင်းရွေ့ကျင်းပသင့်ပါကြောင်း၊ ယုံယုံကြည်ကြည်မဲပေးခဲ့သော ပြည်သူလူထုကို မျက်နှာမူသင့်ကြောင်း အကြံပြု ပြောဆိုသည်။

NLD ပါတီသည် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသော ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၃၉၀ ဖြင့် အပြတ် အသတ် အနိုင်ရရှိထားသည်။

No comments:

Post a Comment