Saturday, January 2, 2016

နမ့်ခမ်းတွင် ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်

ဖနိဒါ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ စေကကင်းကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေးပြည် သူ့စစ်တို့ ဒေသခံ ပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။ အစိုးရ တပ်မတော် တပ်ရင်း ၃၂၄ နှင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်း၍ စေကင်းကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မထွက်ပြေးနိုင်သော ဒသခံ အမျိုးသား ၃၈ ဦးအား ဒီဇင်ဘာလ ၂၃ ရက် ဖမ်းဆီး၍ လက်ပြန်ကြိုတုတ်၍ ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့က ဆိုထားသည်။

“သူတို့ကို ကြိုးတုတ်ပြီး အမျိုးသားတွေ ဆိုလို့ရှိရင် ခေါင်းတွေကို သေနပ်နဲ့ထုတယ်။ ခြေထောက်နဲ့ နင်းပြီးတော့ စကားလည်း ပေးမပြောဘူး။ ရွာက ဆေးရုံနဲ့ အရမ်းဝေးကြီးဘဲ၊ ရှိတဲ့ ပိုက်ဆံလည်း အကုန်ပါသွားပြီဆိုတော့ မတတ်နိုင်ဘူး။ တိုင်းရင်းဆေးတွေနဲ့ပဲ ကုနေရတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိုဝ်းက မဇ္ဈိမကို ပြောသည်။ တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် ရွာသားများအား ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၂၄ ရက်က ရွာသားများထံ သွားရောက်၍ ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်များတွင် ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ခြင်း၊ ဓါတ်ပုံများ ရိုက်ယူခြင်းများ ပြုလုပ်ခဲ့သည်ဟု သူက ဆိုသည်။

၎င်းရွာသားများအား ဦးခေါင်းပိုင်းများကို ခြေဖြင့် စောင့်ကန်ခြင်း၊ နင်းခြင်းများ ပြုလုပ်ခဲ့သလို၊ အခြား မန်းပူး၊ မန်းပန် ရွာသား စုစုပေါင်း ၇၀ ဦးကိုလည်း အကြောင်းပြချက် မရှိပဲ ဖမ်းဆီးခဲ့သည်ဟု ဒီဇင်ဘာလ ၂၄ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။ ထို့ပြင် ရွာသားများ ပိုင်ဆိုင်သော အစားအသောက်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖြစ်သော တီဗီ၊ ဆိုလာပြားနှင့် ဘက်ထရီ၊ မီးစက်၊ လက်ကိုင်ဖုန်း၊ ရွှေထည်များ၊ ပိုက်ဆံနှင့် ဆိုင်အတွင်းမှ ကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း သိန်း ၂၀၀ ကျပ်ခန့် ရှိမည်ဟု ၎င်းတို့ ပြုစုထားသော စာရင်းများအရ သိရသည်။ ပန်းဆေးပြည်သူ့စစ်နှင့် အစိုးရတပ်မတော်များက လက်နက်ကြီး ပစ်ပေါက်ခဲ့သဖြင့် အမျိုးသားများ ပုန်းနေရာမှ ထွက်လာရန်၊ မထွယ်လာပါက တစ်ရွာလုံး ဓါတ်ဆီလောင်း၍ မီးရှို့ ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သလို၊ ထွက်လာသော အမျိုးသားများအား ကြိုးနှင့် တုတ်၊ မှောက်အိပ်ခိုင်းခြင်း၊ ကျောကုန်နှင့် ခါးကို သေနပ်ဖြင့် ထုခြင်း၊ ခြေတစ်လုံးကိုလည်း ရိုက်နှက်ခြင်း၊ မျက်နှာတွင် နင်းခြင်း၊ နောက်ကျောနှင့် ခါးတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု ဖမ်းဆီးခံရသူ ရွာသားတစ်ဦး၏ ပြောဆိုထားသည်။

ရိုက်နှက်ခံခဲ့ရသော ဒေသခံ တစ်ဦးက “ကျနော်တို့ဘာမှ တောင်မသိရဘူး။ တွေ့တာနဲ့ ကြိုးနဲ့တုတ်ထားပြီးတော့ မှောက်ခိုင်းတယ်။ နောက်ကျော၊ ခါး၊ တင်ပါးနှင့် ခြေတလုံးတွေကို ထင်းချောင်းနဲ့ရိုက်တယ်။ ဦးခေါင်းနဲ့ မျက်နှာက သူတို့ စီးထားတဲ့ စစ်ဖိနပ်နဲ့ ကန်တယ်။ နင်းတယ်။ မော့ကြည့်လို့လည်း မရဘူး။ မေးခွန်းမေးလို့လည်း မရဘူး။ မျက်နှာက အချိန်ထိ ရောင်ရမ်းနေတုန်းဘဲ” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသော်လည်း တအာင်းအမျိုးသားတပ်မတော်(TNLA) နှင့် ပါဝင်ပတ်သက်မှု ရှိမရှိ သံသယ ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်မည်ဟု ရွာသားများထံမှ သိရသည်ဟု တအာင်းအမျိုး သမီးအအဖွဲ့အစည်းက ပြောသည်။

နမ်းခမ်းမြို့နယ်ရှိ ရှေ့တန်းအမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးထံ စေကင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဖမ်းဆီး ရိုက်နက် ခံထားရသော ရွာသားများ စုပေါင်း၍ အရေးယူပေးရန် တိုင်ကြားစာကို ဒီဇင်ဘာလ ၂၆ ရက်က ပေးပို့ခဲ့သည်ဟု သူက ပြောသည်။ “ကျမတို့ကတော့ ပို့ထားတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ရမယ်။ အခုက ဘာပဲဖြစ်ဖြစ် အရင်က စစ်အစိုးရ မဟုတ်တော့ဘူး။ ပြောင်းလဲမှုတွေ ရှိလာပြီဆိုတော့ အမှန်တရားနဲ့ တရားမျှတမှုအတွက်က ရှာရမယ်။ ကျမတို့က သူတို့ တုံ့ပြန်မှုက ရွာသားတွေအတွက် ကျေနပ်နိုင်မှု မရှိဘူး။ ရွာသားတွေအတွက် တရားမျှတမှု မရှိဘူးဆိုရင်တော့ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ရှိတယ်”ဟု လိုည်းပိုးညိုဝ်းက ပြောသည်။

ဒေသခံများ၏ တိုင်ကြားမှုအပေါ် တာဝန်ရှိသူများက ယခုပြဿနာ မကြီးပွားစေရန်အတွက် နစ်နာသူ ကျေးရွာသားများအတွက် တရားမျှတမှု ရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း သူက ဆက်လက် ပြောဆိုသည်။ တအင်းတပ်ဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်း မရှိသေးသလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မူကြမ်းကိုလည်း လက်နက်ရေးထိုးရန် အစိုးရဘက်မှ လက်မခံခဲ့ပေ။ ထို့ကြောင့် အစိုးရနှင့် တအာင်းတပ်မတော်တပ်တို့ အကြား နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

No comments: